
နယူးယောက်မြို့ မန်ဟတ္တန်ခရိုင်၊ နယူးယောက်ဆိပ်ကမ်းရဲ့အလယ် လစ်ဘာတီကျွန်းပေါ်က ကြီးမားတဲ့ ခေတ်သစ်ဂန္ထ၀င်ပန်းပုလက်ရာကြီးဟာ လစ်ဘာတီရုပ်ထုကြီးပဲဖြစ်ပါတယ်။
လစ်ဘာတီကို အင်္ဂလိပ်လို Liberty Enlightening the World (ကမ္ဘာကြီးကို အလင်းဆောင်တဲ့လစ်ဘာတီ)လို့ ခေါ်ပါတယ်။ ပြင်သစ်လိုကတော့ (La Liberte’ eclairant le monde) လို့ခေါ်ပါတယ်။
ဒီရုပ်ထုကြီးကို ပြင်သစ်လူမျိုး ပန်းပုပညာရှင် ဖရက်ဒရစ်သြဂတ်စ်တ်ဘာသိုးလီ (Frederic Auguste Bartholdi) က ထုလုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၈၊ ၁၈၈၆ မှာ ပြီးစီးပါတယ်။ ပြင်သစ်ပြည်သူတွေက အမေရိကန်ကို ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။
ဒီရုပ်ထုကြီးဟာ လွတ်လပ်ခြင်းကိုကိုယ်စားပြုတဲ့ ခေါမနတ်ဖုရားမ လစ်ဘာတက်စ် (Libertas) ကို အသွင်ယူထားတာဖြစ်ပါတယ်။ (Godness of Freedom) ပေါ့။ ရုပ်ထုမှာ ၀တ်ရုံခြုံထားပြီး လက်တစ်ဖက်က မီးရှူးတိုင်ကို ကိုင်မြှောက်ထားပါတယ်။ ကျန်တဲ့လက်တစ်ဖက်ကတော့ tabula ansata လို့ခေါ်တဲ့ ဥပဒေ ကမ္ပည်းစာတိုင်ကို ကိုင်စွဲထားတာဖြစ်ပါတယ်။ ရေးထိုးထားတဲ့ကမ္ပည်းစာက တခြားမဟုတ်ပါဘူး။ အမေရိကန်တို့ လွတ်လပ်ရေးကြေညာတဲ့နေ့စွဲ.. ဇူလိုင် ၄၊ ၁၇၇၆ ပါ။ ရုပ်ထုကြီးရဲ့ခြေရင်းဘက်မှာတော့ ပျက်ကျနေတဲ့ သံကြိုးတစ်ချောင်းရှိပါတယ်။ နတ်ဘုရားမရုပ်ထုကြီးစာ လွတ်လပ်ခြင်းကိုသာမကဘဲ အမေရိကန်နိုင်ငံကိုပါ ကိုယ်စားပြုထားတဲ့ ထင်ရှားလှတဲ့ရုပ်ထုကြီးပဲဖြစ်ပါတယ်။
သူမဟာ ပြည်ပက ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို လက်ကမ်းကြိုဆိုနေတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
ပန်းပုပညာရှင် ဘာသိုးလီကို ကြည်ညိုရင်းစွဲရှိတဲ့ ပြင်သစ်ပါမောက္ခနဲ့နိုင်ငံရေးသမား Edouard Rene de Laboulaye က အမေရိကန်လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်တစ်ခုခုလောက်လုပ်ဖို့ ၁၈၅၆ မှာ အကြံပြုပါတယ်။ အဲဒီစီမံကိန်းကြီးမှာ ပြင်သစ်နဲ့အမေရိကန်ပြည်သူတွေ ပူးပေါင်းပါဝင်ကြမယ်ပေါ့။
အဲဒီခေတ်က အကျပ်အတည်းဖြစ်နေတဲ့ ပြင်သစ်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် ၁၈၇၀ အစောပိုင်းကာလတွေအထိ ရုပ်ထုနဲ့ပတ်သက်တဲ့လုပ်ငန်းကို မစနိုင်သေးပါဘူး။ ၁၈၇၅ ခုနှစ်အရောက်မှာတော့ ပြင်သစ်တို့ဘက်က ရုပ်ထုရဲ့ ကုန်ကျစရိတ်ကိုထောက်ပံ့မယ်၊ အမေရိကန်တွေဘက်ကတော့ ရုပ်ထုအတွက်နေရာရယ်၊ ရုပ်ထုတင်မယ့် အောက်ခံခုံရယ်ဆောက်ပေးဖို့ Laboulaye က ကမ်းလှမ်းခဲ့ပါတယ်။ ရုပ်ထုတစ်ခုလုံးမပြီးခင်မှာ ရုပ်ထုရဲ့ ဦးခေါင်းရယ် မီးရှူးကိုင်မြှောက်ထားတဲ့လက်ရယ်ကို ဘာသိုးလီက အပြီးသတ်ထုလုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ပြီးစီးသွားတဲ့အပိုင်းလေးတွေကိုပဲ လူအများကြည့်လို့ရအောင်ဆိုပြီး နိုင်ငံတကာကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။
မီးရှူးတိုင်ကိုင်မြှောက်ထားတဲ့လက်ကို ၁၈၇၆ ခုနှစ်က ဖီလ်ဒဲဖီးယားမှာ လုပ်တဲ့ Centennial ကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီနောက် ၁၈၇၆ ခုနှစ်ကနေ ၁၈၈၂ ခုနှစ်အထိ နယူးယောက်မက်ဒီဆင်စကွဲပန်းခြံမှာ ပြသထားခဲ့ပါတယ်။ ရန်ပုံငွေရှာရတာ အတော်လေးခက်ပါတယ်။ အထူးသဖြင့် အမေရိကန်လူမျိုးတွေအတွက် ပိုပြီးခက်ပါတယ်။ ၁၈၈၅ ခုနှစ်အရောက်မှာ ရုပ်ထုအောက်ခံခုံဆောက်လုပ်ရေးစီမံကိန်း ရန်ပုံငွေပြတ်လပ်တော့မယ့် အခြေအနေမျိုးဖြစ်လာပါတယ်။ ဒါနဲ့ စီမံကိန်းကြီးအပြီးသတ်နိုင်ဖို့ နယူးယောက်ကမ္ဘာ(the New York World) သတင်းစာထုတ်ဝေသူ ဂျိုးဇက်ပူလစ်ဇာကစပြီး အလှူငွေတွေထည့်ကြဖို့ တိုက်တွန်းပါတယ်။ အဲဒီမှာတင် လူ ၁၂၀၀၀၀ လောက်လာပြီး အလှူငွေထည့်ကြပါတယ်။ အများစုကတော့ တစ်ဒေါ်လာအောက်ပဲလှူကြပါတယ်တဲ့။ ရုပ်ထုကြီးကိုထုပြီးတဲ့အချိန်မှာ သေတ္တာကြီးတွေနဲ့ထည့်ပြီး ရေကြောင်းကတစ်ဆင့်သယ်ပါတယ်။ နောက်တော့ အဲဒီတုန်းက Bedloe ကျွန်းလို့ခေါ်တဲ့ ကျွန်းပေါ်မှာ ရုပ်ထုကို ပြန်ဆင်ပါတယ်။
ရုပ်ထုကြီးပြီးစီးတဲ့အထိမ်းအမှတ်အဖြစ်နဲ့ ticker-tape parade လို့ခေါ်တဲ့ နယူးယောက်မြို့ရဲ့ ပထမဆုံး လူထုချီတက်ဂုဏ်ပြုပွဲကြီးကို ၀ှဲချီးကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ သမ္မတ Grover Cleveland က သဘာပတိမူပါတယ်။
ရုပ်ထုကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ၁၉၃၈ မှာ ပိတ်လိုက်ပါတယ်။ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာလည်း ပျက်စီးယိုယွင်းမှုတွေရှိတယ်ဆိုပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ ပိတ်ထားခဲ့ပါတယ်။ အဲဒီတုန်းကတော့ မီးရှူးတိုင်နဲ့ ရုပ်ထုရဲ့အတွင်းပိုင်းအစိတ်အပိုင်းကြီးတစ်ခုကို အစားထိုးခဲ့ရပါတယ်။
၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီးဖြစ်ပွားတဲ့နောက်မှာ ရုပ်ထုရဲ့ အောက်ခံခုံကို ဖွင့်ပေးခဲ့ပြီး ၂၀၀၉ မှာတော့ လာရောက်လည်ပတ်တဲ့ခရီးသည်တွေကို လူဦးရေအကန့်အသတ်နဲ့ ရုပ်ထုရဲ့ သရဖူအထိ တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ နောက်တော့ လှေကားတွေပြန်တပ်ဆင်ဖို့နဲ့ တခြားလုံခြုံရေးအခြေအနေတွေကြောင့် ရုပ်ထုကိုရော အောက်ခံခုံကိုရော ၂၀၁၂ အောက်တိုဘာ ၂၈ ရက်အထိ တစ်နှစ်လောက် ထပ်ပိတ်ထားပြန်ပါတယ်။ အဲ.. လစ်ဘာတီကျွန်းကိုတော့ ဖွင့်ထားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖွင့်ပေးပြီး တစ်ရက်အကြာမှာပဲ နာမည်ကျော် စန္ဒီမုန်တိုင်းဝင်လို့ လစ်ဘာတီကျွန်းကို ပြန်ပိတ်လိုက်ရပြန်ပါတယ်။
၂၀၁၃ ဇူလိုင် ၄ မှာတော့ ရုပ်ထုကိုရော ကျွန်းကိုပါ ပြန်ပြီး ဖွင့်လှစ်ပေးလိုက်ပါတယ်။
မီးရှူးတိုင်ပတ်ပတ်လည်မှာရှိတဲ့ လေသာဆောင်ကိုတော့ လုံခြုံရေးအခြေအနေအရ မသွားရောက်ကြဖို့ ၁၉၁၆ ခုနှစ်ကတည်းက တားမြစ်ထားတယ်လို့သိရပါတယ်။
ရုပ်ထုကြီးရဲ့ အရွယ်အစားကိုခန့်မှန်းချင်ရင် ဟိုးအောက်နားလေးက မြင်ရတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါဗျာ..။
►► စည်သူ◄◄
♣♣(အဆုံးအထိ ဖတ်ပေးသူများကို ကျေးဇူးတင်ရှိပါတယ်။
ကျနော့်ရဲ့စာမူကို ဖတ်လို့ ရင်ထဲ တစ်ခုခု ကျန်သွားမယ်ဆိုရင်ကျေနပ်ပါပြီ။
ကိုယ်တိုင်ဘာသာပြန်ထားတာမို့ ချွတ်ချော်မှုရှိခဲ့ရင် ဘာသာပြန်တဲ့ ကျနော့်ရဲ့အမှားလို့ မှတ်ယူစေချင်ပါတယ်။ )
No comments:
Post a Comment