snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, February 1, 2014

ဓာတုလက်နက်..


•လက်ရှိ မြန်မာနိုင်ငံမှာ ဓာတုလက်နက်သတင်း ထွက်လာလို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ ခုမှာ ရှိနေတဲ့ ဓာတုလက်နက်စာရင်းကို ပြန်တင်ပေး လိုက်ပါတယ်။ ဓာတုလက်နက်တွေ့တယ်ဆိုတဲ့သတင်းဟာ ပေါ့သေးသေးမဟုတ်ပါဘူး
နိုင်ငံတစ်နိုင်ငံလုံး ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်ပါတယ်.။

လက်တွေ့ကြည့်မယ်ဆို.. အီရတ်နိုင်ငံပါ၊ အာရပ်ကမ္ဘာမှာ စွာကျယ်စွာကျယ် ဖြစ်လာတဲ့အချိန် ရွှေ့ပြောင်းနိုင်တဲ့ ဓာတုလက်နက်စက်ရုံတွေရှိပါတယ်ဆိုပြီး သတင်းထွက်လာရော အမေရိကန်ဝင်တီးတာ အခုထိ အီရတ်ခမျာ နလံကိုမထူတော့ပါဘူး၊ ဆက်ဒန်ဟူစိန်လည်း ကြိုးပေးခံလိုက်ရပါတယ်။

အခုက ဆီးရီးယားပါ၊ ဆီးရီးယားအစိုးရခမျာ ဓာတုလက်နက်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ရေးအရကြားဝင်စွက်မယ်ဆိုပြီး အမေရိကန်ရဲ့ ခြိမ်းခြောက် တာခံရပါတယ်။ ဒီမှာတင် ဆီးရီးယားအစိုးရက သူ့ရဲ့ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့သဘောတူလိုက်ရပါတယ်။

ပုံမှာကြည့်ရင် ဆီးရီးယားပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏနဲ့ အင်အားကြီး ၂ နိုင်ငံ ပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

ကျနော့်သဘောကတော့ ဓာတုလက်နက်သတင်းကို မရေးသင့်ပါကြောင်း ပြောချင်ပါတယ်။

ကျနော်ဟာ ကိုယ့်နိုင်ငံကိုတော့ စနိုးဒန်လို သစ္စာဖောက်မှာမဟုတ်ပါဘူး၊

ကျနော်တို့ဟာ နိုင်ငံနဲ့အစိုးရကို ခွဲခြားမြင်သင့်ပါတယ်၊ အစိုးရဟာ နိုင်ငံတော် မဟုတ်ပါကြောင်းဗျာ..။

ဘာသာပြန်သတင်းများ - စည်သူ

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဂျို့စ်မူဂျီကာ



• ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးသမ္မတလို့ခေါ်ကြတယ်။ ဒါပေသိ ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မထင်မိပါဘူး။

ဆင်းရဲသူဆိုတာ ချမ်းချမ်းသာသာနဲ့ သုံးနိုင်ဖြုန်းနိုင်တဲ့ဘ၀မှာနေဖို့ ကြိုးပမ်းနေရတဲ့သူတွေ၊ ပိုပြီးလိုချင်နေသူတွေ (ဆန္ဒအတောမသတ်နိုင်သူတွေ) ပါပဲ..။

ဂျို့စ်မူဂျီကာ - ဥရုဂွေးသမ္မတ

စည်သူ

(သူ့အကြောင်းကို အရင်က ရေးခဲ့ဖူးပါတယ်..။

နောက်မှ သူ့အကြောင်း ဆောင်းပါးသဘောမျိုးလေး တင်ပေးပါဦးမယ်။ )

•အရက်များများသောက်နိုင်သူ ဘောနပ်စ်များများရမည်


တရုတ်နိုင်ငံက သူဌေးတစ်ဦးဟာ ဒီနှစ် နှစ်သစ်ကူးမှာ သူ့ရဲ့ ၀န်ထမ်းတွေကို တစ်မူထူးခြားတဲ့နည်းနဲ့ ဘောနပ်စ်ထုတ်ပေးခဲ့ပါတယ်။

တစ်ခြားမဟုတ်ပါဘူး၊ အရက်ပိုသောက်နိုင်တဲ့သူကို ဘောနပ်စ်ပိုပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အရက်တစ်ခွက်သောက်သူကို ယွမ်ငွေ ၅၀၀ (၉၂ ဒေါ်လာ)၊ ၀ိုင်နီတစ်ဖန်ခွက်သောက်နိုင်သူကို ယွမ်ငွေ ၂၀၀ နဲ့ ဘီယာ တစ်ခွက်သောက်နိုင်သူကို ယွမ်ငွေ ၁၀၀ အသီးသီးချီးမြှင့်တာဖြစ်ပါတယ်။

အဲဒီပမာဏအတိုင်းသောက်နိုင်တဲ့မိန်းကလေးတွေကိုတော့ ဘောနပ်စ် နှစ်ဆ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနေ့မှာ ၀န်ထမ်းတွေ အကုန်လုံး မူးယစ်ကုန်ကြပါတော့တယ်။ တစ်ချို့သောက် နိုင်သူတွေက ယွမ်ငွေ ၁၀၀၀၀ (ဒေါ်လာ ၁၆၅၂) လောက်ရကြပေမယ့် တစ်ချို့ကတော့ ယွမ်ငွေ ၁၀၀၀ လောက်ပဲ ရကြတယ်လို့ ဆိုပါတယ်။

ဒီလိုစနစ်နဲ့ပေးတာကို အရက်သိပ်မသောက်နိုင်သူတွေက မကျေနပ်ဘဲ ဝေဖန်ပြောဆိုနေကြတယ်လို့သိရပါတယ်။


စက်ဝိုင်းလှည့်၍ကျသည့်အကွက်အတိုင်း အကျဉ်းသားများကိုအပျင်းပြေနှိပ်စက်သည့်ဖိလစ်ပိုင်ရဲများ

Photo: • စက်ဝိုင်းလှည့်၍ကျသည့်အကွက်အတိုင်း အကျဉ်းသားများကိုအပျင်းပြေနှိပ်စက်သည့်ဖိလစ်ပိုင်ရဲများ

အချုပ်ခန်းနဲ့ ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်မှုနဲ့ဖမ်းဆီးခံထားရသူတွေကို ဖိလစ်ပိုင်ရဲတွေက အပျင်းပြေနှိပ်စက်လေ့ရှိတယ်လို့သိရပါတယ်။

နှိပ်စက်တယ်ဆိုတဲ့နေရာမှာ သူတို့နှိပ်စက်နည်းတွေကို Lucky Draw လှည့်သလို စက်ဝိုင်းမှာရေးထားတာဖြစ်ပါတယ်။ ဥပမာ- စက္ကန့် ၃၀ လင်းနို့ဆိုရင် အဲဒါကို ကျတဲ့အကျဉ်းသားအနေနဲ့ စက္ကန့် ၃၀ လောက် ဇောက်ထိုးဆွဲခံထားရမှာဖြစ်ပါတယ်။ နောက် စက္ကန့် ၂၀ မန်နီပက် (ဖိလစ်ပိုင်လက်ဝှေ့ကျော်၏နာမည်အတိုကောက်) ဆိုရင် စက္ကန့် ၂၀ လုံးလုံး လက်သီးနဲ့အထိုးခံနေရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပုံမှန်မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ပုံစံနဲ့ အကျဉ်းသားတွေကို နှိပ်စက်ခဲ့တဲ့ ဖိလစ်ပိုင်ရဲအရာရှိ တွေအနေနဲ့ အမှုရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ပုံမှာမြင်ရတာ wheel of torture လို့ခေါ်တဲ့ ညှင်းပန်းရေးစက်ဝိုင်းပဲဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ ၃ မိနစ် ဇွမ်ဘီဆိုတာပါရှိပြီး အဲဒါကိုကျရင် ဘယ်လိုနှိပ်စက်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ 

စည်သူ


အချုပ်ခန်းနဲ့ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်မှုနဲ့ဖမ်းဆီးခံထားရသူတွေကို ဖိလစ်ပိုင်ရဲတွေက အပျင်းပြေနှိပ်စက်လေ့ရှိတယ်လို့သိရပါတယ်။

နှိပ်စက်တယ်ဆိုတဲ့နေရာမှာ သူတို့နှိပ်စက်နည်းတွေကို Lucky Draw လှည့်သလို စက်ဝိုင်းမှာရေးထားတာဖြစ်ပါတယ်။ ဥပမာ- စက္ကန့် ၃၀ လင်းနို့ဆိုရင် အဲဒါကို ကျတဲ့အကျဉ်းသားအနေနဲ့ စက္ကန့် ၃၀ လောက် ဇောက်ထိုးဆွဲခံထားရမှာဖြစ်ပါတယ်။ နောက် စက္ကန့် ၂၀ မန်နီပက် (ဖိလစ်ပိုင်လက်ဝှေ့ကျော်၏နာမည်အတိုကောက်) ဆိုရင် စက္ကန့် ၂၀ လုံးလုံး လက်သီးနဲ့အထိုးခံနေရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပုံမှန်မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ပုံစံနဲ့ အကျဉ်းသားတွေကို နှိပ်စက်ခဲ့တဲ့ ဖိလစ်ပိုင်ရဲအရာရှိ တွေအနေနဲ့ အမှုရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ပုံမှာမြင်ရတာ wheel of torture လို့ခေါ်တဲ့ ညှင်းပန်းရေးစက်ဝိုင်းပဲဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ ၃ မိနစ် ဇွမ်ဘီဆိုတာပါရှိပြီး အဲဒါကိုကျရင် ဘယ်လိုနှိပ်စက်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

စည်သူ

•ဂျာမနီတွင်နွားမများလေလည်ရာမှပေါက်ကွဲမှုဖြစ်ပွား


ဂျာမနီနိုင်ငံအလယ်ပိုင်း ရက်စ်ဒေါ့ဖ်မြို့မှာ ရှိတဲ့ နွားရုံတစ်ရုံမှာ နွားမတွေ လေတက်၊ လေလည်မှုကြောင့် မီသိန်းဓာတ်တွေများပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုကြောင့် နွားမတစ်ကောင် ဒဏ်ရာရရှိသွားပြီး အမိုးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနွားရုံမှာ နွားမ ၉၀ ရှိပါတယ်။

နွားမတွေအနေနဲ့ တစ်ရက်ကို မီသိန်းဓာတ်ငွေ့ လီတာ ၅၀၀ လောက် ထုတ်လွှတ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေက တွက်ချက်ထားပါတယ်။

စည်သူ



https://www.facebook.com/translatorsithu




နောက်ဆုံးမှလက်နက်ချခဲ့တဲ့ဂျပန်သူရဲကောင်း

• ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်ကို မယုံကြည်နိုင်၍တောတွင်း၌ ၂၉ နှစ်ကြာ ပုန်းအောင်းနေခဲ့သည့် ဂျပန်စစ်သည်


ဂျပန်စစ်သားတစ်ဦးဖြစ်တဲ့ ဟီရိုအိုနိုဒါဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ ဆိုတာကို မယုံနိုင်လို့ ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းက တောနက်ကြီးထဲမှာ ၂၉ နှစ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၇၄ အသက် ၅၂ နှစ်အရွယ် သူရဲ့မွေးနေ့ရောက်မှ ဖိလစ်ပိုင်သမ္မတမားကို့စ်ဆီမှာ သူ့ရဲ့ဆာမူရိုင်းဓားကိုအပ်လို့ လက်နက်ချခဲ့ပါတယ်။ လက်နက်ချတာတောင် နို့မို့ဆိုမချပါဘူး။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထောက်လှမ်းဖို့ နောက်ချန်နေခဲ့ရမယ်ဆိုပြီး အမိန့်ပေးခဲ့တဲ့ သူ့ရဲ့အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်ကလိုက်လာပြီး လက်နက်ချဖို့ အမိန့်ပေးမှ လက်နက်ချခဲ့တာဖြစ်ပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်မှာ နောက်ဆုံးမှလက်နက်ချခဲ့တဲ့ဂျပန်စစ်သားဖြစ်ပါတယ်။ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ဂျပန်မှာ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး.. သူ့အကြောင်း စာအုပ်တွေရေးကြ၊ ရုပ်ရှင်တွေရိုက်ကြလုပ်ကြပါတယ်။

အခုတော့ မစ္စတာဟီရိုအိုနိုဒါဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။

စည်သူ


 

တရုတ်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံရဲ့သူရဲကောင်း



ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီးကိုလုပ်ကြံခဲ့သည့် ကိုရီးယားအာဇာနည်အား ဂုဏ်ပြုသည့်ခန်းမ တရုတ်တွင် ဖွင့်လှစ်

၁၉၀၉ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီး ဟီရိုဘူမီအီတို ကို လုပ်ကြံခဲ့တဲ့ ကိုရီးယားအမျိုးသား Ahn Jung-geun ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ခန်းမတစ်ခုကို တရုတ်နိုင်ငံဟာဘင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Ahn Jung-geun ဟာ ဟာဘင်းမြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ အီတိုကို FN M1900 ပစ္စတိုနဲ့ သုံးချက်တိတိ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘေးက အရာရှိသုံးဦးကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ အဲလိုပစ်ပြီးတဲ့နောက်မှာ Ahn ဟာ ရုရှားဘာသာနဲ့ ကိုရီးယားလွတ်လပ်ရေးဆိုပြီး အော်ဟစ်ရင်း ကိုရီးယားအလံကိုဝှေ့ယမ်းခဲ့ပါတယ်။

လုံခြုံရေးအရာရှိတွေက သူ့ကိုဖမ်းသွားကြပြီး ၂ ရက်ကြာတဲ့နောက်မှာ ဂျပန် အာဏာပိုင်တွေလက်ကို လွှဲအပ်လိုက်ကြပါတယ်။

သူဟာ ကိုရီးယားကာကွယ်ရေးတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူဖြစ်ပြီး.. အီတိုကို သတ်ခဲ့တာဟာလည်း နားလည်မှုလွဲမှာလို့သတ်တာမဟုတ်ဘဲ.. သတ်သင့်တဲ့သူမို့လို့ သတ်တာဖြစ်လို့ သူ့ကို လုပ်ကြံသူလို့မသုံးနှုန်းပဲ.. စစ်သုံ့ပန်းလို့သာ သုံးနှုန်းသင့်တယ်ဆိုပြီး ရုံးတော်မှာတင်ပြခဲ့ပါတယ်။ သူဟာ အီတိုကို သတ်ရတဲ့ အကြောင်းအရင်း ၁၅ ချက်ကို တင်ပြခဲ့ပါတယ်။ ခြောက်ကြိမ် ရုံးတင်စစ်ဆေးခံရပြီးတဲ့နောက် Ahn Jung-geun ဟာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

သူကွယ်လွန်တဲ့အချိန်မှာ အသက် ၃၀ ရှိပါပြီ..။

ဟာဘင်းမှာ သူ့ကိုမြှုပ်နှံထားတဲ့အုတ်ဂူကို အခုအထိရှာမတွေ့ဘူးလို့သိရပါတယ်။

သူ့ကို တရုတ်နဲ့ ကိုရီးယားနှစ်နိုင်ငံလုံးက မျိုးချစ်အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။

စည်သူ



သူ့အကြောင်းကိုဇာတ်လမ်းပြန်ရိုက်ထားတာ

ကမ္ဘာ့ဝမ်းနည်းဖွယ်အကောင်းဆုံးမင်္ဂလာပွဲ

• ၂၀၁၃ စက်တင်ဘာလလောက်တုန်းက ဖြစ်ပါတယ်။

နှစ်နှစ်လောက်သတိလစ်မေ့မျောနေရှာတဲ့ အမျိုးသမီးတစ်ဦးအတွက် လက်ထပ်မင်္ဂလာပွဲကျင်းပပေးတာပါ။ သတို့သမီးအနေနဲ့ သူမရဲ့အသက်ကို စက်တွေရဲ့အကူအညီနဲ့ဆွဲဆန့်ထားရသူဖြစ်ပါတယ်။

မင်္ဂလာဆောင်ပေးပြီး နာရီပိုင်းလောက်အကြာမှာ သူမကိုချစ်ကြသူတွေက သူမရဲ့အသက်ကို ဆက်ပေးနေတဲ့ စက်ကိုပိတ်လိုက်ကြပါတယ်။

ဟီကျင်းကျင်းနဲ့လူလိုင်တို့ဟာ စေ့စပ်ထားကြသူတွေပါ။ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဂွမ်ဒေါင်းမှာ နေထိုင်ကြပါတယ်။ ၂၀၁၁ တုန်းကတော့ သူတို့နှစ်ဦး မိုးမမြင်လေမမြင်ကို ပျော်ခဲ့ကြပါတယ်။ နှစ်ယောက်လုံးဟာလည်း ဒေသန္တရအစိုးရဌာနမှာ နေရာကောင်း အလုပ်ကောင်း ရရှိထားသူတွေပါ။ အိမ်တစ်လုံးကိုလည်း ၀ယ်ထားပြီး သိပ်မကြာခင် လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။

တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေထိုင်သွားကြမယ်ဆိုတဲ့စိတ်ကူးဟာ အလုပ်ခွင်မှာ ဟီကျင်းကျင်း နေမကောင်းဖြစ်ရာကစလို့ ပျက်ပြယ်ခဲ့ရပါတော့တယ်။
ဟီကျင်းကျင်းတစ်ယောက် ဆေးရုံကိုပို့တဲ့လမ်းမှာတင် သတိလစ်သွားခဲ့တာ လုံးဝကို သတိလည်မလာတော့ပါဘူး။

နှစ်နှစ်လောက်ကြာတဲ့အချိန်မှာ သူမကို ချစ်ကြတဲ့မိသားစုက ကိတ်မုန့်တစ်လုံးယူလာပြီး သူမရဲ့ ၂၈ နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီနောက်မှာ လက်ထပ်မင်္ဂလာပွဲကိုပါ တစ်ခါတည်း လုပ်ပေးခဲ့ပြီး သူတို့နှစ်ဦးရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးလိုက်ပါတယ်။

သူမရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတော့ တခြားလိုအပ်သူတွေကို ပေးလှူခဲ့တယ်လို့သိရပါတယ်။

(ပုံမှာမြင်ရတဲ့အင်္ကျီပန်းရောင်နဲ့ဟာ ဟီကျင်းကျင်းရဲ့မိခင်ဖြစ်ပါတယ်။ အင်္ကျီအစိမ်းနဲ့သူက လူလိုင်ပါ၊ အင်္ကျီအနက်နဲ့သူကတော့ ဟီကျင်းကျင်းရဲ့ဖခင်ပါ၊)

• ဂီတကိုချစ်မြတ်နိုးသည့် သမ္မတချာဗက်ဇ်



























ဘီလာရုစ်က ဂီတချစ်မြတ်နိုးသူတွေဟာ ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်ရဲ့ ဘ၀ကို ဂုဏ်ပြုထားတဲ့ ရှိုးပွဲတစ်ခုလုပ်ဖို့ စီစဉ်နေကြပါတယ်။

ဗင်နီဇွဲလားက အနုပညာရှင်တွေနဲ့ပူးပေါင်းပြီး စပိန်ဘာသာနဲ့ ဂီတဖျော်ဖြေပွဲလုပ်မယ့်အစီအစဉ်ကို ဘီလာရုစ် ဂီတကဇာတ်ရုံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဟူဂိုချာဗက်ဇ်အမှတ်တရပွဲကို ဘီလာရုစ်နိုင်ငံမင့်စ်မြို့မှာ လာမယ့် နွေရာသီမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းကျတော့မှာ ဗင်နီဇွဲလား နိုင်ငံ ကာရကတ်စ်မြို့မှာ လုပ်သွားမှာဖြစ်ပါတယ်။

ဟူဂိုချာဗက်ဇ်ဟာ ၁၄ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ်က ကင်ဆာရောဂါနဲ့ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ချာဗက်ဇ်နှစ်သက်တဲ့ ဂီတအမျိုးအစားက ဗင်နီဇွဲလား ရိုးရာဂီတဖြစ်ပါတယ်။ ချာဗက်ဇ်ဟာ
လူထုအစည်းအဝေးပွဲတွေ၊ ဒါမှမဟုတ် စတိတ်စင်ပေါ်မှာတောင်တက်ပြီး သီဆိုဖျော်ဖြေခဲ့သူဖြစ်ပါတယ်။

၂၀၁၂ မတ်လမှာ ဒုတိယမြောက်ကင်ဆာအကျိတ်ကိုဖယ်ရှားပြီးတဲ့ နောက်တစ်နေ့မှာပဲ ချာဗက်ဇ်ဟာ ဂီတပညာရှင်တွေနဲ့အတူ သီချင်းသီဆိုခဲ့ပြီး သူ့ရဲ့ သမီးဖြစ်တဲ့သူနဲ့ အတူကခုန်ခဲ့ပါသေးတယ်။

စည်သူ

Chinese Zodiac- တရုတ်ရဲ့ ၁၂ ရာသီရုပ်များဖြစ်ပေါ်လာပုံ



• ဇန်န၀ါရီလ ၃၁ ရက်ဟာ ဒီနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

ရာသီရုပ်ကတော့မြင်းပါ၊ မြင်းနှစ်ပေါ့ဗျာ..။

ဒီရာသီရုပ်တွေဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ သိပြီးသူတွေလည်း ရှိပါမယ်၊ တစ်ချို့ဒဏ္ဍာရီတွေကလည်း အမျိုးအမျိုးပြောနေကြပါတယ်။ အခု ကျနော်ရေးပြမယ့် ဒဏ္ဍာရီကတော့ လူပြောအများဆုံး ဒဏ္ဍာရီပေါ့ဗျာ..။

ဘာသာပြန်ပေးလိုက်ပါတယ်။

• ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..၊ Jade Emperor ဆိုတဲ့ တရုတ်ဒဏ္ဍာရီလာ ကောင်ကင်ဘုံကိုအုပ်စိုးတဲ့ဧကရာဇ်ကြီးရှိပါတယ်။ မြန်မာအယူနဲ့ဆိုရင်တော့ သိကြားမင်းလို့ပြန်ရင် ပိုနီးစပ်မလားပဲဗျာ..။ ကျနော်ကတော့ သိကြားမင်းလို့ပဲသုံးတော့မယ်။

အဲဒီသိကြားမင်းက ပြက္ခဒိန်မှာ ရာသီရုပ်တွေထည့်သွင်းဖို့ ညွှန်ကြားပါတယ်တဲ့။ နောက်ပြီး အရင်ဆုံးရောက်တဲ့ ၁၂ ကောင်ကိုသာ ရာသီ ရုပ်အဖြစ် ရွေးချယ်မယ်လို့လည်း ပြောပါတယ်။ အဲဒီတုန်းက ကြောင်နဲ့ ကြွက်ဟာ အိမ်နီးချင်းတွေဖြစ်ပြီး ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းကောင်းတွေ လည်းဖြစ်ကြပါတယ်။

သိကြားမင်းကြီးပြောတဲ့ အစီအစဉ်ကိုလည်း ကြားရော ကြောင်က ကြွက်ကို ဒီလိုပြောပါတယ်။ "ငါတို့ကတော့ ဒီရာသီခွင်မှာ ပါဖို့ စောစောရောက်မှ ဖြစ်မှာကွ၊ ဒါပေမယ့် ငါက အမြဲတမ်းအိပ်ယာထနောက်ကျတော့ ခက်တယ်။"

ဒါနဲ့ ကြွက်က သူနှိုးပါမယ်ဆိုပြီး ကတိပေးလိုက်တယ်။ နောက်ပြီး သူငယ်ချင်း နှစ်ယောက် အတူတူသွားကြမယ်ပေါ့။
ဒါပေမယ့် တကယ်တမ်း မနက်မိုးလင်းတဲ့အခါ စိတ်တွေလှုပ်ရှားလွန်းအားကြီးပြီး မနက်နှိုးမယ်ဆိုတဲ့ကတိကို ကြွက်က မေ့သွားပါတယ်။ နိုးနိုးချင်းပဲ စုရပ်ကို သုတ်ချေတင်ပါတော့တယ်။

လမ်းမှာ ကြွက်ရင်ဆိုင်ရတဲ့အကောင်တွေက ကျား၊ နွား၊ မြင်းနဲ့ တခြားကြွက်ထက် ပိုမြန်တဲ့အကောင်တွေချည်းဖြစ်ပါတယ်။ ဒါနဲ့ ကြွက်က နောက်ကျန်မဖြစ်ဖို့ အကြံထုတ်ပါတယ်။ အကြံက အကြံကောင်းပါပဲ။ ရိုးသားပွင့်လင်းတဲ့နွားဆီကို သွားပြီး သူ့ကိုသယ်သွားပေးဖို့ ပြောပါတယ်။ အပြန်အလှန်အနေနဲ့ သူကတော့ နွားကို လမ်းမှာ သီချင်းဆိုပြမယ်ပေါ့။

နောက်ဆုံး သတ်မှတ်နေရာကို နွားနဲ့ကြွက်နဲ့အရင်ဆုံး ရောက်သွားကြပါတယ်။ နွားကတော့ နှစ်တိုင်းရဲ့ ပထမဆုံး သင်္ကေတရုပ်ဖြစ်ရတော့မယ်ဆိုပြီး အတွေးနဲ့ ပျော်နေပါတယ်။ ဒါပေမယ့် သူ့ရှေ့က လျှောဆင်းသွားတာက အကြံပိုင်တဲ့ကြွက်ပါ။ ဒါကြောင့်မို့ ကြွက်ဟာ တရုတ်ရဲ့ ၁၂ လရာသီခွင်မှာ ပထမဆုံးဖော်ပြခံရတဲ့ သင်္ကေတရုပ်ဖြစ်သွားပါတယ်။

တစ်ဖက်မှာလည်း ကြွက်ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကြောင်က လုံးဝနောက်ကျပြီးမှာ ရောက်လာပါတယ်။ သူရောက်တဲ့အချိန်မှာ ၁၂ လ အတွက် ရာသီရုပ်တွေတောင် ရွေးချယ်ပြီးနေပါပြီ။ ဒါကြောင့်မို့ ဒီနေ့ဒီအချိန်အထိ ကြွက်ကိုကြောင်က မုန်းတီးလွန်းတဲ့အတွက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ လိုက်ဖမ်းပြီး သတ်စားနေတာပါတဲ့ခင်ဗျား..။

ကဲ .. ပုံပြင်လည်း ပြီးသွားပါပြီ..၊ အဆုံး အထိ ဖတ်ပြီးသွားရင်တော့ ကိုယ်ဟာ ဘယ်နှစ်ဖွားဖြစ်တယ်ဆိုတာ ကွန်မန့်လေးများ ရေးသွားပေး ကြပါ။

အားလုံး ပျော်ရွှင်ဖို့ ရည်ရွယ်ပါတယ်။

အဲ .. ကျနော်ကတော့ မြင်းနှစ်ဖွားပါ။

စည်သူ


► ကိုယ့်ကိုယ် ဘာနှစ်ဖွားလည်း မသိသေးရင် အောက်က ဇယားလေးမှာ ကြည့်ကြပါခင်ဗျား..။

• ကြွက် :
ကြွက်နဲ့ဆိုင်တဲ့နှစ်တွေ 1900, 1912, 1924, 1936, 1948, 1960, 1972, 1984, 1996, 2008.

• နွား:
နွားနဲ့ဆိုင်တဲ့နှစ်တွေ 1901, 1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009.

• ကျား :
ကျားနဲ့ဆိုင်တဲ့နှစ်တွေ 1902, 1914, 1926, 1938, 1950, 1962, 1974, 1986, 1998, 2010.

• ယုန် :
ယုန်နဲ့ဆိုင်တဲ့နှစ်တွေ 1903, 1915, 1927, 1939, 1951, 1963, 1975, 1987, 1999, 2011.

• နဂါး:
နဂါးနဲ့ဆိုင်တဲ့နှစ်တွေ 1904, 1916, 1928, 1940, 1952, 1964, 1976, 1988, 2000, 2012.

• မြွေ:
မြွေနဲ့ဆိုင်တဲ့နှစ်တွေ 1905, 1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013.

•မြင်း:
မြင်းနဲ့ဆိုင်တဲ့နှစ်တွေ 1906, 1918, 1930, 1942, 1954, 1966, 1978, 1990, 2002, 2014.

• ဆိတ်
ဆိတ်နဲ့ဆိုင်တဲ့နှစ်တွေ 1907, 1919, 1931, 1943, 1955, 1967, 1979, 1991, 2003, 2015.

• မျောက်:
မျောက်နဲ့ဆိုင်တဲ့နှစ်တွေ 1908, 1920, 1932, 1944, 1956, 1968, 1980, 1992, 2004, 2016.

• ကြက်
ကြက်နဲ့ဆိုင်တဲ့နှစ်တွေ 1909, 1921, 1933, 1945, 1957, 1969, 1981, 1993, 2005, 2017.

• ခွေး:
ခွေးနဲ့ဆိုင်တဲ့နှစ်တွေ1910, 1922, 1934, 1946, 1958, 1970, 1982, 1994, 2006, 2018.

• ၀က်:
ဝက်နဲ့ဆိုင်တဲ့နှစ်တွေ 1911, 1923, 1935, 1947, 1959, 1971, 1983, 1995, 2007, 2019.


►►ကျန်တဲ့နှစ်တွေကိုလည်း သိချင်သေးတယ်ဆိုရင် ၁၂ ပေါင်းလိုက်ပါဗျာ..။◄◄

•လစ်ဘာတီရုပ်ထုကြီးရဲ့သမိုင်းအကျဉ်း




နယူးယောက်မြို့ မန်ဟတ္တန်ခရိုင်၊ နယူးယောက်ဆိပ်ကမ်းရဲ့အလယ် လစ်ဘာတီကျွန်းပေါ်က ကြီးမားတဲ့ ခေတ်သစ်ဂန္ထ၀င်ပန်းပုလက်ရာကြီးဟာ လစ်ဘာတီရုပ်ထုကြီးပဲဖြစ်ပါတယ်။

လစ်ဘာတီကို အင်္ဂလိပ်လို Liberty Enlightening the World (ကမ္ဘာကြီးကို အလင်းဆောင်တဲ့လစ်ဘာတီ)လို့ ခေါ်ပါတယ်။ ပြင်သစ်လိုကတော့ (La Liberte’ eclairant le monde) လို့ခေါ်ပါတယ်။

ဒီရုပ်ထုကြီးကို ပြင်သစ်လူမျိုး ပန်းပုပညာရှင် ဖရက်ဒရစ်သြဂတ်စ်တ်ဘာသိုးလီ (Frederic Auguste Bartholdi) က ထုလုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၈၊ ၁၈၈၆ မှာ ပြီးစီးပါတယ်။ ပြင်သစ်ပြည်သူတွေက အမေရိကန်ကို ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။

ဒီရုပ်ထုကြီးဟာ လွတ်လပ်ခြင်းကိုကိုယ်စားပြုတဲ့ ခေါမနတ်ဖုရားမ လစ်ဘာတက်စ် (Libertas) ကို အသွင်ယူထားတာဖြစ်ပါတယ်။ (Godness of Freedom) ပေါ့။ ရုပ်ထုမှာ ၀တ်ရုံခြုံထားပြီး လက်တစ်ဖက်က မီးရှူးတိုင်ကို ကိုင်မြှောက်ထားပါတယ်။ ကျန်တဲ့လက်တစ်ဖက်ကတော့ tabula ansata လို့ခေါ်တဲ့ ဥပဒေ ကမ္ပည်းစာတိုင်ကို ကိုင်စွဲထားတာဖြစ်ပါတယ်။ ရေးထိုးထားတဲ့ကမ္ပည်းစာက တခြားမဟုတ်ပါဘူး။ အမေရိကန်တို့ လွတ်လပ်ရေးကြေညာတဲ့နေ့စွဲ.. ဇူလိုင် ၄၊ ၁၇၇၆ ပါ။ ရုပ်ထုကြီးရဲ့ခြေရင်းဘက်မှာတော့ ပျက်ကျနေတဲ့ သံကြိုးတစ်ချောင်းရှိပါတယ်။ နတ်ဘုရားမရုပ်ထုကြီးစာ လွတ်လပ်ခြင်းကိုသာမကဘဲ အမေရိကန်နိုင်ငံကိုပါ ကိုယ်စားပြုထားတဲ့ ထင်ရှားလှတဲ့ရုပ်ထုကြီးပဲဖြစ်ပါတယ်။
သူမဟာ ပြည်ပက ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို လက်ကမ်းကြိုဆိုနေတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ပန်းပုပညာရှင် ဘာသိုးလီကို ကြည်ညိုရင်းစွဲရှိတဲ့ ပြင်သစ်ပါမောက္ခနဲ့နိုင်ငံရေးသမား Edouard Rene de Laboulaye က အမေရိကန်လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်တစ်ခုခုလောက်လုပ်ဖို့ ၁၈၅၆ မှာ အကြံပြုပါတယ်။ အဲဒီစီမံကိန်းကြီးမှာ ပြင်သစ်နဲ့အမေရိကန်ပြည်သူတွေ ပူးပေါင်းပါဝင်ကြမယ်ပေါ့။
အဲဒီခေတ်က အကျပ်အတည်းဖြစ်နေတဲ့ ပြင်သစ်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် ၁၈၇၀ အစောပိုင်းကာလတွေအထိ ရုပ်ထုနဲ့ပတ်သက်တဲ့လုပ်ငန်းကို မစနိုင်သေးပါဘူး။ ၁၈၇၅ ခုနှစ်အရောက်မှာတော့ ပြင်သစ်တို့ဘက်က ရုပ်ထုရဲ့ ကုန်ကျစရိတ်ကိုထောက်ပံ့မယ်၊ အမေရိကန်တွေဘက်ကတော့ ရုပ်ထုအတွက်နေရာရယ်၊ ရုပ်ထုတင်မယ့် အောက်ခံခုံရယ်ဆောက်ပေးဖို့ Laboulaye က ကမ်းလှမ်းခဲ့ပါတယ်။ ရုပ်ထုတစ်ခုလုံးမပြီးခင်မှာ ရုပ်ထုရဲ့ ဦးခေါင်းရယ် မီးရှူးကိုင်မြှောက်ထားတဲ့လက်ရယ်ကို ဘာသိုးလီက အပြီးသတ်ထုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ပြီးစီးသွားတဲ့အပိုင်းလေးတွေကိုပဲ လူအများကြည့်လို့ရအောင်ဆိုပြီး နိုင်ငံတကာကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။
မီးရှူးတိုင်ကိုင်မြှောက်ထားတဲ့လက်ကို ၁၈၇၆ ခုနှစ်က ဖီလ်ဒဲဖီးယားမှာ လုပ်တဲ့ Centennial ကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီနောက် ၁၈၇၆ ခုနှစ်ကနေ ၁၈၈၂ ခုနှစ်အထိ နယူးယောက်မက်ဒီဆင်စကွဲပန်းခြံမှာ ပြသထားခဲ့ပါတယ်။ ရန်ပုံငွေရှာရတာ အတော်လေးခက်ပါတယ်။ အထူးသဖြင့် အမေရိကန်လူမျိုးတွေအတွက် ပိုပြီးခက်ပါတယ်။ ၁၈၈၅ ခုနှစ်အရောက်မှာ ရုပ်ထုအောက်ခံခုံဆောက်လုပ်ရေးစီမံကိန်း ရန်ပုံငွေပြတ်လပ်တော့မယ့် အခြေအနေမျိုးဖြစ်လာပါတယ်။ ဒါနဲ့ စီမံကိန်းကြီးအပြီးသတ်နိုင်ဖို့ နယူးယောက်ကမ္ဘာ(the New York World) သတင်းစာထုတ်ဝေသူ ဂျိုးဇက်ပူလစ်ဇာကစပြီး အလှူငွေတွေထည့်ကြဖို့ တိုက်တွန်းပါတယ်။ အဲဒီမှာတင် လူ ၁၂၀၀၀၀ လောက်လာပြီး အလှူငွေထည့်ကြပါတယ်။ အများစုကတော့ တစ်ဒေါ်လာအောက်ပဲလှူကြပါတယ်တဲ့။ ရုပ်ထုကြီးကိုထုပြီးတဲ့အချိန်မှာ သေတ္တာကြီးတွေနဲ့ထည့်ပြီး ရေကြောင်းကတစ်ဆင့်သယ်ပါတယ်။ နောက်တော့ အဲဒီတုန်းက Bedloe ကျွန်းလို့ခေါ်တဲ့ ကျွန်းပေါ်မှာ ရုပ်ထုကို ပြန်ဆင်ပါတယ်။

ရုပ်ထုကြီးပြီးစီးတဲ့အထိမ်းအမှတ်အဖြစ်နဲ့ ticker-tape parade လို့ခေါ်တဲ့ နယူးယောက်မြို့ရဲ့ ပထမဆုံး လူထုချီတက်ဂုဏ်ပြုပွဲကြီးကို ၀ှဲချီးကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ သမ္မတ Grover Cleveland က သဘာပတိမူပါတယ်။
ရုပ်ထုကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ၁၉၃၈ မှာ ပိတ်လိုက်ပါတယ်။ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာလည်း ပျက်စီးယိုယွင်းမှုတွေရှိတယ်ဆိုပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ ပိတ်ထားခဲ့ပါတယ်။ အဲဒီတုန်းကတော့ မီးရှူးတိုင်နဲ့ ရုပ်ထုရဲ့အတွင်းပိုင်းအစိတ်အပိုင်းကြီးတစ်ခုကို အစားထိုးခဲ့ရပါတယ်။

၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီးဖြစ်ပွားတဲ့နောက်မှာ ရုပ်ထုရဲ့ အောက်ခံခုံကို ဖွင့်ပေးခဲ့ပြီး ၂၀၀၉ မှာတော့ လာရောက်လည်ပတ်တဲ့ခရီးသည်တွေကို လူဦးရေအကန့်အသတ်နဲ့ ရုပ်ထုရဲ့ သရဖူအထိ တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ နောက်တော့ လှေကားတွေပြန်တပ်ဆင်ဖို့နဲ့ တခြားလုံခြုံရေးအခြေအနေတွေကြောင့် ရုပ်ထုကိုရော အောက်ခံခုံကိုရော ၂၀၁၂ အောက်တိုဘာ ၂၈ ရက်အထိ တစ်နှစ်လောက် ထပ်ပိတ်ထားပြန်ပါတယ်။ အဲ.. လစ်ဘာတီကျွန်းကိုတော့ ဖွင့်ထားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖွင့်ပေးပြီး တစ်ရက်အကြာမှာပဲ နာမည်ကျော် စန္ဒီမုန်တိုင်းဝင်လို့ လစ်ဘာတီကျွန်းကို ပြန်ပိတ်လိုက်ရပြန်ပါတယ်။

၂၀၁၃ ဇူလိုင် ၄ မှာတော့ ရုပ်ထုကိုရော ကျွန်းကိုပါ ပြန်ပြီး ဖွင့်လှစ်ပေးလိုက်ပါတယ်။

မီးရှူးတိုင်ပတ်ပတ်လည်မှာရှိတဲ့ လေသာဆောင်ကိုတော့ လုံခြုံရေးအခြေအနေအရ မသွားရောက်ကြဖို့ ၁၉၁၆ ခုနှစ်ကတည်းက တားမြစ်ထားတယ်လို့သိရပါတယ်။

ရုပ်ထုကြီးရဲ့ အရွယ်အစားကိုခန့်မှန်းချင်ရင် ဟိုးအောက်နားလေးက မြင်ရတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါဗျာ..။


►► စည်သူ◄◄

♣♣(အဆုံးအထိ ဖတ်ပေးသူများကို ကျေးဇူးတင်ရှိပါတယ်။
ကျနော့်ရဲ့စာမူကို ဖတ်လို့ ရင်ထဲ တစ်ခုခု ကျန်သွားမယ်ဆိုရင်ကျေနပ်ပါပြီ။
ကိုယ်တိုင်ဘာသာပြန်ထားတာမို့ ချွတ်ချော်မှုရှိခဲ့ရင် ဘာသာပြန်တဲ့ ကျနော့်ရဲ့အမှားလို့ မှတ်ယူစေချင်ပါတယ်။ )

ဂါးဒီးယန်းဦးစိန်ဝင်း


သတင်းစာ၊ ဂျာနယ်လောကကို စစ၀င်ဝင်ချင်း ဘာသင်တန်းမှ မတက်ရသေးခင် စဖတ်ဖြစ်တာ ဆရာဂါဒီးယန်းဦးစိန်ဝင်းရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့စာအုပ်ပါ..။

ဆရာကြီးကို ဧရာဝတီတိုင်းကျောင်းကုန်းမှာ ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ မွေးတာပါ။ သတင်းစာလောကကို စ၀င်ဝင်ချင်း မြန်မာ့အလင်းမှာ ဘာသာပြန်အလုပ်ကို လုပ်ခဲ့သူပါ။ ကျနော်နဲ့ကွာတာက သူက ဘာသာပြန်ခ မယူဘဲ လုပ်ပေးခဲ့တာပါ။ အဲဒီနောက်မှာ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ကို ပညာတော်သင်သွားရောက်ခဲ့ပြီး စစ်ကြီးပြီးလို့ ပြန်လာတဲ့အချိန်မှာ အလုပ်သင်သတင်းထောက်အဖြစ်နဲ့ သတင်းစာလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။

သတင်းစာလောကမှာ ဇွဲနပဲနဲ့ကြိုးစားခဲ့တဲ့အတွက် အချိန်တိုအတွင်း နာမည်ရလာခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သတင်းထောက်၊ အဲဒီကမှ အယ်ဒီတာ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း နေးရှင်းသတင်းစာမှာလုပ်နေရင်းနဲ့ ဂါးဒီးယန်းသတင်းစာရဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမောင်မောင် (နောင်အခါ နိုင်ငံတော်သမ္မတ) က ဂါးဒီးယန်းကို ကိုင်တွယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။ စိတ်တိုင်းကျလုပ်ပိုင်ခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဆရာကြီးဟာ ဂါးဒီးယန်းကို စပြီးကိုင်တွယ်ခဲ့ပါတယ်။

စောင်ရေ ၁၅၀၀ ပဲရှိပြီး ရုံးအဖွဲ့ဝင် သုံးဦးပဲကျန်တော့တဲ့ ဖျက်သိမ်းရတော့မယ့်အခြေအနေဆိုက်နေတဲ့ ဂါးဒီးယန်းကို ဆရာကြီးက ကိုင်တွယ်ခဲ့တာပါ။

ဆရာကြီးဟာ ၂၀၁၃ အောက်တိုဘာ ၁၇ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

(နောက်ပိုင်းမှာ ဆရာကြီး ရရှိခဲ့တဲ့ဆုတွေ၊ ဂုဏ်ပုဒ်တွေကို ဆက်ပြီး တင်ပြပေးသွားပါဦးမယ်)

စည်သူ

အကြိမ်ကြိမ်ထုတ်ဝေခဲ့ရသည့် ကမ္ဘာကျော်ဓာတ်ပုံ



 

Rising the Flag on Iwo Jima ဆိုတာဟာ ၁၉၄၅ ဖေဖော်ဝါရီ ၂၃ တုန်းက ဓာတ်ပုံဆရာ ဂျိုးရိုဆန်သယ် ရိုက်ကူးခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံ တစ်ပုံဖြစ်ပါတယ်။
ပုံထဲမှာ အမေရိကန် မရိန်းတပ်သား ငါးဦးနဲ့ ရေတပ်ဆေးတပ်သားတစ်ဦးတို့ ပါဝင်ပါတယ်။ သူတို့တွေဟာ ဒုတိယကမ္ဘာစစ်ကြီးကာလ အိုင်အိုးဂျီးမား တိုက်ပွဲအတွင်း ဆူရီဘာချီတောင်ထိပ်မှာ အမေရိကန်အလံကို လွှင့်ထူနေကြတာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံဟာ အကြီးအကျယ်ကိုပဲ ထင်ရှားကျော်ကြားသွားခဲ့ပြီး ထောင်နဲ့ချီ ထုတ်ဝေခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ပိုင်း ထုတ်ဝေတဲ့နှစ်မှာပဲ ဓာတ်ပုံပူလစ်ဇာဆု ရရှိခဲ့တဲ့ တစ်ခုတည်းသော ဓာတ်ပုံဖြစ်ပါတယ်။ နောက်ပြီး အထင်ရှားဆုံးနဲ့ လူအများအသိအမှတ်အပြုဆုံး စစ်ပွဲဓာတ်ပုံတွေထဲက တစ်ပုံအဖြစ် အသိအမှတ် ပြုလာရပါတယ်။
ဓာတ်ပုံထဲမှာပါတဲ့ ဟာလန်ဘလော့၊ ဖရန်ကလင်ဆူးစလေနဲ့ မိုက်ကယ်ထရန့်ဆိုတဲ့ မရိန်းတပ်သားသုံးဦးကတော့ ရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ ဆေးတပ်သားဂျွန်ဘရက်ဒလေနဲ့အတူ မရိန်းတပ်သား ရီနီဂတ်နွန်နဲ့ အိုင်ရာဟေရက်စ်တို့သုံးဦးကတော့ ကျော်ကြားထင်ရှားတဲ့ celebrities တွေ ဖြစ်လာပါတယ်။
နောက်ပိုင်းမှာ ဒီပုံကိုအသုံးပြုပြီး သြစတြီးယားဖွား အမေရိကန်နိုင်ငံသား ပန်းပုဆရာ ဖိလစ်ဝယ်လ်ဒန်က marine corps war memorial ဆိုတဲ့ အမည်နဲ့ ၁၉၅၄ ခုနှစ်မှာ ရုပ်ထု ထုလုပ်ခဲ့ပါတယ်။
အဲဒီရုပ်ထုဟာ အာလင်တန်အမျိုးသားစစ်သင်္ချိုင်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်လို့သိရပါတယ်။

စည်သူ

Ref: Wikipedia

(ဖတ်ရှုလို့ တစ်ခုခု ကျန်သွားမယ်ဆိုရင် ကျေနပ်ပါပြီ... ဝေဖန် အားပေးသူများကို ကျေးဇူးတင်ပါတယ်)