snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, May 6, 2014

• မိုးခါးရေမသောက်သည့် ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ•


•စည်သူကျော်စွာ•

  ဂျို့စ်မူဂျီကာ။ ဥရုဂွေးနိုင်ငံ၏ လက်ရှိသမ္မတ။ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု ကင်ပွန်းတပ်ခံရသူ။ ခမ်းနားသည့် သမ္မတအိမ်တော်ကြီးရှိသော်လည်း မွန်တီဗီဒီယိုမြို့တော်အပြင်ဘက် ဖုန်ထူသည့်လမ်းမကြီးဘေးက သူ့ဇနီး၏ ယာတောအိမ်လေးတွင် မူဂျီကာနေသည်။ မူဂျီကာ၏လုံခြုံရေးကို ရဲအရာရှိနှစ်ဦးနှင့် မန်နျူလာအမည်ရှိ ခြေထောက်သုံးချောင်းသာ ရှိသော ခွေးတစ်ကောင်က တာဝန်ယူထားသည်။
ရေသုံးတော့လည်းခြံဝင်းထဲရှိ ရေမှော်တွေပေါက်နေသော ရေတွင်းလေးမှဖြစ်သည်။ ဟိုနားဒီနားသွားဖို့ သူ့မှာ ၁၉၈၇ မော်ဒယ်လ် ဗောက်စ်ဝက်ဂွန် ဘီတဲလ်ကားဟောင်းလေးရှိသည်။ ယင်းအချက်များကြောင့်ပင် မူဂျီကာ သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးသမ္မတအဖြစ် သတ်မှတ်ခံရသည်။ အမှန်တော့ မူဂျီကာသည် ဆင်းရဲသူ တစ်ယောက်မဟုတ်။ လူမှုရေးလုပ်ငန်းများသို့ လစဉ်ထောက်ပံ့ကူညီပေးနေသူဖြစ်သည်။ ဥရုဂွေးသမ္မတအဖြစ် သူရရှိသည့်လစာ၏ ၉၀ ရာခိုင်နှုန်း (ဒေါ်လာ ၁၂၀၀၀ ခန့်) ကို လစဉ်လှူဒါန်းနေခြင်းဖြစ်သည်။ ဥရုဂွေး၌ အစိုးရ အရာရှိများ၏ ပိုင်ဆိုင်မှုအစုစုကို မဖြစ်မနေ ကြေညာရသည့် ဥပဒေရှိသည်။ ၂၀၁၀ အတွင်း ပိုင်ဆိုင်မှုကို ကြေညာသည့်အခါတွင် မူဂျီကာ၌ ဒေါ်လာ ၁၈၀၀ သာရှိသည်။ ၂၀၁၃ ၌ ပိုင်ဆိုင်မှုကြေညာသည့်အခါတွင်မူ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် နေအိမ်တစ်လုံး၊ လယ်ထွန်စက် များနှင့် မြေယာများ၏တန်ဖိုးတစ်ဝက်ကို ထည့်ပေါင်း လိုက်၍ မူဂျီကာ၏ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၂၁၅၀၀၀ သို့ တိုးသွားခဲ့သည်။ ယင်းပမာဏသည် ဒုတိယသမ္မတ ဒါနီလိုအက်စ်တိုရီ၏ ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် သုံးပုံနှစ်ပုံသာရှိသည်။ သူ့အရင်သမ္မတ တာဘာရီဘက်စ်ကတ်၏ ပိုင်ဆိုင်မှုနှင့် ယှဉ်လျှင် သုံးပုံတစ်ပုံသာ ရှိသည်။
နောက်ခံသမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင်လည်း မူဂျီကာသည် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၆၀ နှင့် ၇၀ ခုနှစ်များက ဥရုဂွေးတော်လှန်ရေး၌ သြဇာလွှမ်းမိုးခဲ့သည့် တူပါမာရော့စ် ပြောက်ကျားအဖွဲ့တွင် ပါဝင်ခဲ့သည်။ တော်လှန်ရေးကာလ၌ သေနတ်ခြောက်ကြိမ် ထိမှန်ခဲ့သည်။ ထောင် ၁၄ နှစ်ကျခဲ့ပြီး ၁၉၈၅၊ ဥရုဂွေး ဒီမိုကရေစီရချိန်၌ မူဂျီကာ ပြန်လွတ်လာခဲ့သည်။ ထောင်ထဲ၌ ရှိနေသည့်ကာလများတွင် မူဂျီကာသည် သီးခြားထားရှိခံရပြီး အခြေအနေဆိုးဆိုးကြား၌ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ မူဂျီကာကို အာဏာပိုင်များက လေးကြိမ် ဖမ်းဆီးခဲ့၏။ ၁၉၇၁ ခုနှစ်အတွင်း ပွန်တာကာရီတက်စ် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သူ များတွင် မူဂျီကာပါဝင်ခဲ့၏။ ၁၉၇၂ တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၃ ခုနှစ်အတွင်း စစ်တပ်အာဏာ သိမ်းသည့်အခါ စစ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည်။ ထောင်ကျသည့် ၁၄ နှစ်အတွင်း ရေတွင်းထဲ၌ နှစ်နှစ်ကြာ ပိတ်လှောင်ခံရခြင်းမျိုးလည်း ကြုံရသည်ဟူ၏။ ၁၉၈၅ တွင် ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ မူဂျီကာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် ထောင်ကျနေသည့် ကာလများက လောကအမြင်ကို ပြောင်းလဲစေခဲ့သည်ဟု မူဂျီကာပြောလေ့ရှိသည်။
မူဂျီကာ၏ ဇနီးဖြစ်သူ လူစီယာတိုပိုလန်စကီသည်လည်း တစ်ချိန်က သူ့လိုပင် တူပါမာရော့စ်ပြောက်ကျားတပ်ဖွဲ့ ၀င်ဖြစ်ပြီး လက်ရှိ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူတို့နှစ်ဦး နှစ်ရှည်လများ တွဲလာခဲ့ပြီးကာမှ ၂၀၀၅ တွင် လက်ထပ်လိုက်ကြခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်တည်း သားထောက်ကိုယ်ခံမရှိဘဲ ယာတောလေးတွင် အေးအေးလူလူ ဂန္ဓမာပန်းတွေ စိုက်ပျိုးကြသည်။
သူ့ကို ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု သတ်မှတ်ကြခြင်းနှင့်ပတ်သက်၍ မူဂျီကာက ယခုလို မှတ်ချက်ပေးစကား ပြောဖူးသည်။
“ကျွန်တော့်ကို အဆင်းရဲဆုံးသမ္မတလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ဆင်းရဲတယ်လို့ မမြင်မိပေါင်ဗျာ။ အမှန်တော့ တကယ်ဆင်းရဲသူဆိုတာ သုံးနိုင်ဖြုန်းနိုင်တဲ့ဘ၀မှာ နေနိုင်ဖို့ ကြိုးပမ်းရုန်းကန်နေရတဲ့သူတွေ၊ ရှိတာထက် ပိုပြီး လိုချင်နေတဲ့သူတွေပါပဲ”ဟူ၏။
နောက် မူဂျီကာပြောလေ့ရှိသည်က “ဒီလိုနေရတာကိုက လွတ်လပ်ခြင်းတစ်မျိုးပဲဗျ၊ ခင်ဗျားမှာ ပိုင်ဆိုင်မှုတွေ များများစားစားမရှိဘူးဆိုပါတော့။ ခင်ဗျားအနေနဲ့ ဒါတွေကိုရဖို့ တစ်သက်လုံး ရုန်းကန်နေစရာ မလိုဘူးနော်။ ဒီလိုမျိုး လွတ်လွတ်လပ်လပ်နေမှ ခင်ဗျားအတွက် အချိန်တွေ အများကြီးပိုထွက်လာမှာ။ ကျွန်တော့်ကို ထူးခြားတဲ့ အဘိုးကြီးတစ်ယောက်လို့ ထင်ချင်ထင်ကြမယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ပဲလေ..”ဟူ၏။
မူဂျီကာငယ်စဉ်က ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရသည်။ မူဂျီကာ အသက်ငါးနှစ်အရွယ် ၁၉၄၀ ခုနှစ်က ဖခင်ခမျာ မဆုံးခင်လေးတွင် အကြွေးမဆပ်နိုင်၍ ဒေ၀ါလီခံခဲ့ရသည်။ ဖခင်က စပိန် Basque မျိုးရိုးဖြစ်ပြီး မိခင်က အီတာလျံ ရွှေ့ပြောင်းအခြေချသူများမှ ဆင်းသက်လာသူဖြစ်သည်။ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်ကြားတွင် မူဂျီကာ တစ်ယောက် အဖွဲ့အစည်းကလပ်အသီးသီးသို့ လှည့်ပတ်သွားလာနေပြီဖြစ်သည်။ နောက်တော့ အမျိုးသားပါတီတွင် ပါဝင်လှုပ်ရှားခဲ့ပြီး အန်းနရစ်အာရို၏ လူရင်းတစ်ယောက် ဖြစ်လာခဲ့သည်။
ထောင်မှလွတ်လာပြီးနောက်ပိုင်းတွင် မူဂျီကာနှင့် တူပါမာရော့စ်ပြောက်ကျားအဖွဲ့က အခြားသော လက်ဝဲယိမ်းအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Movement of Popular Participation (MPP) ပါတီကို ထူထောင်ခဲ့ပြီး လက်ဝဲယိမ်း နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် Broad Front ညွှန့်ပေါင်းအဖွဲ့၌ ပါဝင်ခဲ့သည်။ ၁၉၉၄ အထွေထွေ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ၁၉၉၉ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်အဖြစ်လည်းကောင်း မူဂျီကာ ရွေးချယ်ခံခဲ့ရသည်။ မူဂျီကာ၏ သြဇာတိက္ကမနှင့်အတူ MPP ပါတီကို လူကြိုက်များလာခဲ့ပြီး ထောက်ခံမဲများလည်း ရလာခဲ့သည်။ ၂၀၀၄ ခုနှစ် အရောက်တွင် Broad Front ညွန့်ပေါင်းအဖွဲ့၌ အင်အားအကြီးဆုံး လက်ဝဲယိမ်းပါတီကြီးဖြစ်လာခဲ့သည်။
၂၀၀၅ ခုနှစ် မတ်လ ၁ ရက်တွင် သမ္မတ Tabre Vazquez က မူဂျီကာကို မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ မူဂျီကာက လူတစ်မျိုးဖြစ်သည်။ စကားပြောလျှင် လှေထိုးကြီး ရိုးရိုး ပြောသူမျိုးဖြစ်သည်။ သူ၏အပြောအဆိုနှင့် ဟန်ပန်အမူအရာများကို ၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် လူကြိုက် များလာခဲ့သည်။ အထူးသဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်နေသည့် သူ၏ ပြောဆိုပြုမူပုံများကို ဆင်းရဲ သားများနှင့် ကျေးလက်နေပြည်သူများက အထူးနှစ်ခြိုက်ကြသည်။ ယင်းကြောင့်ပင် နိုင်ငံရေးသမားများနှင့် ဆန့်ကျင်ဖီလာဖြစ်နေသူဟု တံဆိပ်ကပ်ခံရပြန်သည်။ ထို့ပြင် ဘွင်းဘွင်းရှင်းရှင်းနှင့် မိမိစိတ်ထဲရှိသည့်အတိုင်း မကွယ်မ၀ှက် ပြောချတတ်သဖြင့် ဝေဖန်မှုများလည်း ကြုံခဲ့ရသည်။ ဥပမာ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ဖြစ် အောင် ပါလီမန်က အဆိုပြုတင်သွင်းသည့် ဥပဒေမူကြမ်းကို သမ္မတ ဗားဇ်ကွက်ဇ်က ဗီတိုအာဏာသုံး၍ ပယ်ချ လိုက်သည့်အခါမျိုးတွင် မူဂျီကာက သူသာဆိုလျှင် ဒီလိုဥပဒေမျိုးကို ဗီတိုအာဏာဖြင့် ပယ်ချမည်မဟုတ်ကြောင်း ပြောဆိုခြင်းမျိုးဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးတွင်လည်း ဥရောပသမဂ္ဂနှင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူစာချုပ်များချုပ်ဆိုရန် မျှော် လင့်ထားသူဖြစ်သည်။ ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်လျှင်လည်း ယခင် ဥရုဂွေးအစိုးရ အဆက်ဆက်ထက် မူဂျီကာက ပိုမိုရင်းနှီးချစ်ကြည်စွာ ဆက်ဆံသည်။ ထိုစဉ်က အီရန်သမ္မတမာမွတ်အမာဒီနီဂျက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည့် ဘရာဇီးသမ္မတလူလာဒါဆေးလ်ဗားနှင့်ပတ်သက်၍ သူ၏အမြင်ကို မေးမြန်းကြသည့်အခါမျိုးတွင်လည်း “ဒါဟာ အမျှော်အမြင်ကြီးတဲ့ လုပ်ရပ်မျိုးပဲဗျ။ အီရန်ကို ပိုပြီးတော့ ဖိထား လေလေ ကမ္ဘာကြီးအတွက် ပိုပြီးအန္တရာယ်ရှိလေလေပါပဲ”ဟု ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သူဖြစ်သည်။
၂၀၀၉ သမ္မတရွေးကောက်ပွဲ၌ “ရိုးသားသည့်အစိုးရ၊ ပထမတန်းစားနိုင်ငံ”ဟူသော ကြွေးကြော်သံနှင့်အတူ ပြိုင် ဘက်များကို ဖြတ်ကျော်၍ မူဂျီကာ အနိုင်ရခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း ထိုစဉ်က ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်နှင့် ဘိုလီဗီးယားသမ္မတ အီဗိုမော်ရေးလက်စ်တို့ကဲ့သို့မကျင့်ဘဲ ဗဟိုလက်ဝဲယိမ်း ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားနှင့် ချီလီဆိုရှယ်လစ် မစ်ချယ်ဘက်ချလက်တို့ကဲ့သို့ အုပ်ချုပ်သွားမည်ဟု ကတိပြုခဲ့သူဖြစ်သည်။
နောက်တစ်ချက်က မူဂျီကာ၏ ၀တ်စားဆင်ယင်ပုံဖြစ်သည်။ သာမန်အ၀တ်အစားကိုသာ ၀တ်ဆင်လေ့ရှိပြီး ဒေသတွင်းခေါင်းဆောင်များထံသွားရောက်လည်ပတ်ရာ၌ပင် ရိုးရိုးတန်းတန်း ၀တ်ဆင်သွားသူဖြစ်သည်။ ရွေးကောက်ပွဲတုန်းကလည်း တစ်ချို့သောနေရာများ၌သာ အနောက်တိုင်းဝတ်စုံကို ၀တ်သည်။ သို့သော် နက်ခ်တိုင်မစည်း။
သမ္မတဖြစ်လာချိန်တွင် Broad Front အဖွဲ့ကြီးရှိ ပါတီအသီးသီးမှ နိုင်ငံရေးသမားများဖြင့် ၀န်ကြီးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ မူးယစ်ဆေးဝါးနှင့်ဆက်စပ် ရာဇ၀တ်မှုများနှင့် ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ရန် ဆေးခြောက်များကို အစိုးရ ထိန်းချုပ်မှုအောက်၌ တရားဝင်ရောင်းချစေခဲ့သည်။ ခန့်မှန်းချေအားဖြင့် ဥရုဂွေး တွင် ဆေးခြောက်ရောင်းချရာမှ နှစ်စဉ် ဒေါ်လာ သန်း ၄၀ ရရှိသည်ဟုသိရသည်။ ယင်းအချက်က မူးယစ် ဂိုဏ်း များကို အထိနာစေခဲ့သည်ဟု မူဂျီကာက ဆိုသည်။ ထို့ပြင် ယင်းသို့ တရားဝင်ရောင်းချပေးခြင်းအားဖြင့် တစ်နိုင်ငံလုံးရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စာရင်းကောက်နိုင်မည်ဖြစ်ပြီး အလွန်အကျွံသုံးစွဲသူများကို ဆေးဝါး ကုသပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
၂၀၁၃ စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မူဂျီကာ မိန့်ခွန်းပြောခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုများနှင့်အတူ ကမ္ဘာ့ရေးရာများတွင် စိတ်ရောကိုယ်ပါနှစ်၍ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းချက်များပါဝင်သော လွန်စွာရှည်လျားသည့်မိန့်ခွန်းကြီးကို ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဘရာဇီး၊ တူရကီ၊ အီဂျစ်နှင့် အခြားသောနေရာများ၌ ဖြစ်ပျက်နေသည့် အုံကြွဆန္ဒပြမှုများနှင့် ပတ်သက်၍ “ဒီမယ်ဗျ၊ ကမ္ဘာကြီးဟာ တော်လှန်ရေးလုပ်ဖို့ အမြဲလိုအပ်တယ်နော်၊ တော်လှန်ရေးဆိုတိုင်းလည်း ပစ်ကြခတ်ကြ၊ တိုက်ခိုက်ကြတာမျိုးကို သွားမမြင်နဲ့ဦး၊ ခင်ဗျားရဲ့ အတွေးအခေါ် ပြောင်းလဲသွားပြီဆိုတာနဲ့ တော်လှန်ရေးဖြစ်ပြီပဲ။ ကွန်ဖြူးရှပ်ဝါဒနဲ့ခရစ်ယာန်ဝါဒ နှစ်ခုလုံးဟာလည်း ခေတ်ပြောင်းတော်လှန်ရေးတွေပဲ ပေါ့။”ဟု မူဂျီကာက မှတ်ချက်ပေးခဲ့သည်။
မည်သို့ပင်ဆိုစေ မူဂျီကာကတော့ မိမိ၏လမ်းစဉ်အတိုင်း မမှိတ်မသုန် လျှောက်လှမ်းနေသူဖြစ်သည်။ တစ်ခါတစ်ရံ မိမိနိုင်ငံကို ကမ္ဘာပေါ်တွင် အကောင်းဆုံးနိုင်ငံအဖြစ်ပင် သတ်မှတ်ပြီး ဂုဏ်ယူဝင့်ကြွားနေတတ်သူ။ သူဂုဏ်ယူနေသည့်အချက်တွေက တစ်ခြားမဟုတ်၊ ဒေသတွင်းက အခြားသော လက်တင်အမေရိကနိုင်ငံတွေနှင့်ယှဉ်ယှဉ်၊ အမေရိကတိုက် တစ်တိုက်လုံးနှင့်ပဲယှဉ်ယှဉ် ဥရုဂွေးတွင် ဥရုဂွေး၌ ရာဇ၀တ်မှုဖြစ်ပွားနှုန်းက အနည်းဆုံးဖြစ်နေခြင်းပင်။ ကမ္ဘာပေါ်တွင် မိုးခါးရေမသောက်ဘဲ ကျန်ရှိနေသည့် ကျွန်းလေးတစ်ကျွန်းအဖြစ် သူ့နိုင်ငံကို တင်စားတတ်သည်မှာလည်း လွန်သည်ဟု မဆိုသာ။
သည်လိုမျိုး ရောင့်ရဲတင်းတိမ်တတ်ဖို့ရာမှာ သာမန်လူတစ်ဦးအတွက် လွယ်ကူလှသည်မဟုတ်ပါပေ။ ဘာသာရေး အဆုံးအမကို လိုက်နာပါသည်ဟူသော လူများစွာပင် လိုက်နာခဲကြသည်။ ဘာသာမဲ့ဖြစ်နေသော မူဂျီကာအနေဖြင့် ဒီလိုတရားမျိုးတွေ ရရှိနေခြင်းမှာ ဆန်းသည်ဟု ဆိုရမည်ပင်ဖြစ်သည်။ သူ၏ဆောင်ရွက်ချက် များကလည်း အမှန်ပင် ဆန်းလွန်းနေသည်မဟုတ်ပါလား။ တစ်နည်းပြောရလျှင် သူပြောသည့်အတိုင်း သူက မိုးခါးရေသောက်သူမဟုတ်၍သာ မိုးခါးရေသောက်သူများအတွက် ထူးဆန်းနေသည်လား ဆိုသည်ကိုမူ..။ ။

စည်သူကျော်စွာ

ကိုးကား- Wikipedia, the Guardian, BBC  
 




** ဒီဆောင်းပါးလေးက ရေးထားတာ ကြာပါပြီ၊ metrix font နဲ့ရိုက်ထားတော့ ZawGyi Font နဲ့ ပြန်ပြောင်းရိုက်ဖို့ မအားလို့ ဒီညမှ တင်ဖြစ်သွားတာပါ။

ကိုကာကိုလာအချိုရည် အသုံးဝင်ပုံများ


 

သမိုင်းကြောင်းများကို လေ့လာကြည့်ရာ၌၊ ၁၈၈၆ မေတွင် ဂျော်ဂျီယာနိုင်ငံ သား ဒေါက်တာ John Pemberton ဆိုသူက Coca leaf(ခေါ်)ကိုကိုးပင်အရွက် နှင့် Kola seeds(ခေါ်)ကက်ဖီးန်ဓာတ်ပါသော အစေးများထွက်ရှိသည့် အပင်ကြီးတစ်မျိုး၏ အစေ့ကို သုံးကာ ခေါင်းကိုက်ပျောက်ဆေးရည်ဖော် စပ်ခဲ့ပြီး၊ ဆေးအမည်ကို မှတ်ရ လွယ်အောင် ကိုကာကိုလာ(Coca Cola) ဟု ခေါ်ဆို ခဲ့ကြောင်း လေ့လာမှတ် သားရပါ တယ်။ အဆိုပါဆေးပညာရှင်က ခေါင်းကိုက်ပျောက်ဆေးရည် အဖြစ် ဖော်စပ်ခဲ့သော်လည်း၊ယနေ့ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးအချိုရည်တစ်မျိုးအဖြစ် နေရာတစ်နေရာ ရယူထားပါပြီ။

ကျန်းမာရေး

“သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး” ဆိုသည့်အတိုင်း၊ အမေရိကန်ပြည်ထောင် စုတွင် ဆယ်ကျော်သက်လူငယ်တစ်ဦး အပျော်ကြူးလောင်းအစားလုပ်၍ ကိုကာကိုလာ ၈-ပုလင်းကို တစ်ထိုင်တည်းသောက်သုံးပြခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးသွားရ တဲ့ သာဓကရှိခဲ့ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်အနှံ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ များနေရာယူကာ သွေးထဲမှာ လည်း အောက်စီဂျင်ပြတ်လပ် ခဲ့ခြင်းကြောင့် လို့ ဆိုပါတယ်။ ဒါပေမယ့် အသင့်အတင့်သောက်သုံးခြင်းဖြင့် အောက်ပါကျမ္မာရေး အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်ပါတယ်။

(၁) ရင်ကျပ်ရောဂါ မဖြစ်စေအောင်ကာကွယ်ပေးပါတယ်။ (၂) အော်ဂလီဆန်ဖြစ်နေသူများ တစ်နာရီကျတစ်ခါ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာပမာဏ ရှိတဲ့ ကိုကာကိုလာသောက်ပေးပါ။
(၃) ဗိုက်နာ၍ မအီမသာဖြစ်ခြင်းကိုလည်း သက်သာလာစေပါတယ်။
(၄) မကြာခဏကြို့ ထိုးနေသူများ ရေခဲစိမ်ကိုလာ တ၀ကြီးငုံသောက်ပေးပါ။
(၅) အသက်ရှုမ၀ မွန်းကြပ်ခြင်းအတွက် ကိုလာကိုလာ သံဗူးကို ပြုတ်၍ခပ်ပူ ပူသောက်ပေးနိုင်ပါတယ်။
(၆) အသားအရေနေလောက်ကွက်များပေါ် ကိုလာအချိုရည်လိမ်းပေးခြင်းဖြင့် သက် သာပျောက်ကင်းစေပါတယ်။ လိမ်းနေကျ လိုးရှင်းမှာ ကိုကာကိုလာရော၍ လိမ်းပေးခြင်းဖြင့် ပိုးသားလေးလို အသားအရေ ချောမွေ့ လာစေပါတယ်။
(၇) ကိုကာကိုလာ ၈-အောင်စကို နေ့ စဉ်သောက်ပေးခြင်းဖြင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေး ပါတယ်။
(၈) ဆံပင်ဆိုးဆေး အရောင်မကြိုက်ခဲ့သော်၊ ကိုလာရည်ဖြင့် လောင်းလျှော် အရောင် ချွတ်ပေးပါ။
(၉) ပျား/ပိတုန်းများ နှစ်ခြိုက်သော ကိုကာကိုလာအချိုရည်ကို ခွက် ၁-ခွက်ထဲမှာထဲ့ ၍ ခြံထောင့်တစ်နေရာထားပေးခြင်းဖြင့် မိမိနေအိမ်ထဲမှာ ပျား/ ပိတုန်း အန္တရာယ် ကင်းဝေးစေပါတယ်။
(၁၀) ဆံပင်ရှည်များရှုပ်ထွေး၍ ရှင်းရခက်ခြင်း (သို့ မဟုတ်) ဆံပင်မှာ မတော်တဆ ပီကေကပ်နေခြင်းတို့ အတွက် ကိုလာရည်လောင်းချပြီး မိနစ်အနည်းငယ်အကြာမှာ ဆံပင်ကိုဖြီးသင် ရှင်လင်းပေးလိုက်ပါ။

အစားအသောက်များ

(၁) ကိုလာရည်သုတ်လိမ်း၍ ကင်သောအသားများက အနံ့ အရသာ ပိုကောင်းစေ သလို၊ ကိုလာရည်ရောစပ်ထားတဲ့အချဉ် ရည်ဆော့စ်များကလည်း BBQ အသားကင်အရာသာကို ချိုမြပေါ်လွင်စေပါတယ်။
(၂) အဆီနည်းသော ချောကလက်ပြုလုပ်ရာ မှာ အသုံးပြုလေ့ရှိပါတယ်။
(၃) ယနေ့ အမေရိကန်ပြည်ထောင်စုမှာ ကိုလည်ရည်ဖြင့်ပြုလုပ်တဲ့ ကိတ်မုန့်  များ ခေတ်စား နေပါတယ်။
(၄) ငါး၊ ပုစွန်နှင့်ပင်လယ်စာများ ကိုင်တွယ်ပြီးနောက် ညှီနံ့ ပျောက်စေရန် ကိုလာရည်ဖြင့် လက်ကိုဆေးကြော သန့် စင်ပေးလိုက်ပါ။

အိမ်တွင်းသန့် ရှင်းရေး
(၁) အ၀တ်အထည်တွေမှာ စက်ဆီ/ချောဆီများ နှင့် သွေးစွန်ထင်ခြင်း (သို့ မဟုတ်) ကားဂိုထောင်ကြမ်းပြင်ပေါ်မှာ ဆီများဖိတ် စင်ညစ်ပေခြင်း (သို့ မဟုတ်) မီးဖိုချောင်ေ ကြွပြားပေါ်ရှိအစွန်းအကွက်များ (သို့ ဟုတ်) မိလ္လာကြွေအိုးများ ညစ်ပေခြင်းတို့ အ တွက် ကိုလာရည်လောင်းချပြီးနောက် မိနစ်အနည်းငယ်ကြာ ရေများများဖြင့် တိုက်ချွတ်ဆေးကြောခြင်းဖြင့် ပကတိအတိုင်း သန့်  ရှင်းလာစေကာ အနံ့ အသက်လည်းကောင်းမွန်သွားပါတယ်။ (၂) ရေကူးကန်ထဲရှိ ရေများညစ်ပေနေပါသလား? ကိုလာအချို ရည် ၂-လီ တာ လောင်းထဲ့ခြင်းဖြင့် ရေများသန့် သွားပါလိမ့်မယ်။
(၃) အိုးပန်းကန်ခွက်ယောက် အဟောင်းများ၊ ရေနွေးကရားအိုး များ၊ အကြွေစေ့ များ နှင့် အလူမီနီယမ်/သတ္တုပရိဘောဂများအား ကိုလာရည်ဖြင့် တိုက်ချွတ်ဆေးကြော ခင်းဖြင့် အရောင်ပြန် လည်တောက်ပြောင်လာစေပါတယ်။
(၄) ကော်ဇောပေါ်ရှိ အစွန်းအထင်များပျောက်စေရန် ဆပ်ပြာရည်ထဲကို ကိုကာ ကိုလာ ရောစပ်၍ တိုက်ချွတ်သန့် စင်ပါ။

အထွေအထွေသုံး

(၁) ကား ဘန်ပါပေါ်ရှိ အစွန်းအထင်းများ ဖယ်ရှားရန်၊ ကားဘတ္တရီ နှင့် အင်ဂျင်စက် များ သန့် စင်ရန်တို့ အတွက် ကိုကာကိုလာ ရည်က အလွန်အသုံးတည့်ပါတယ်။
(၂) သံကြေးတက် ဘိုးလ်နတ် (သို့ မဟုတ်) ၀က်အူရစ်များ ဖြုတ်ရခက်လို့ စိတ်ညစ်နေ ပါသလား? ကိုလာရည်က မျက်လှည့်ပြလိုက်သလို အံ့အားသင့်စေပါလိမ့်မယ်။

20-01-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ် သတင်းစာ (စာမျက်နှာ ၂၁) မှာပါ တဲ့ဆောင်းပါးလေး ပါ။ 

(ဆောင်းပါးရှင်....ပေါက်ပေါက်)

** သုတ အချစ် ဘ၀ စာတိုပေစ ဆိုတဲ့ facebook page ကနေ ကူးယူဖော်ပြတာဖြစ်ပါတယ်။

junk

junk food ဆိုတာ အာဟာရမဖြစ်တဲ့အစာမျိုး၊ သွားရေစာလိုဟာမျိုးကိုပြောတာ လူတိုင်းနီးပါး သိကြပါတယ်။

အခုက junk နဲ့ပတ်သက်တာလေး ပြောပြချင်လို့။

junk shop ဆိုတာ တစ်ပတ်ရစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်။ ဒါမှမဟုတ်လည်း ဈေးသိပ်မကြီးတဲ့ ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်လို့ အဓိပ္ပာယ်ရပါတယ်။

နောက်-
junk bond= အတိုးနှုန်းထားများပေမယ့် စိတ်မချရတဲ့ အစုရှယ်ယာမျိုး။
junk mail = စာတိုက်ကတစ်ဆင့်ပို့လာတဲ့ မလိုတဲ့ကြော်ငြာမျိုး။

လေ့လာတွေ့မိသမျှ ပြန်မျှဝေတယ်လို့ သဘောထားပေးပါဗျာ..။

ရိုးမြေကျ

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ 
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
စိတ်ဆိုးမှာလား”..

*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့
ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
အချစ်မျိုးပါ…..

ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ
*အချစ်စစ်
*ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….

ချစ်တယ်ဆိုတာပါးစပ်လေးနဲ့ ပြောရတာလွယ်ပေမယ့် ၊တကယ်ပေါင်းစပ်ဖို့ ကျတော့တကယ့်အချစ်စစ်ဆိုတာလိုတယ်လေ။

Unknown writter
Post From လမ်းပြကြယ်
(ပြန်လည် မျဝေခြင်းသာ ဖြစ်သည် )


**မူရင်းတင်ထားသူက အမည်မသိလို့ရေးထားပေမယ့်။ ကျနော်ကတော့ ဆရာဖေမြင့်ရဲ့ဘာသာပြန်လို့ ထင်ပါတယ်။ 

တက်တူးဆို စိတ်နာလွန်းလို့

ရေးသူ-ကိုသူရမျိုး(မောင်သံချောင်း)

ကျွန်တော်တို့အရုပ်ထိုးတုန်းက တစ်ဖက်ချွန်ဝါးခြမ်းပြားမှာ အပ်ချုပ်တဲ့ ငွေအပ်ငါးချောင်းတပ် ကြွတ်ကြွတ်ကြိုးနဲ့ပါတ် ဖယောင်းစက်ချ ချောအောင်ပွတ် အဲဒါစုတ်တံဖြစ်ပြီ ။ တရုတ်တွေ တရုတ်စာရေးတဲ့ အမဲချောင်းကိုရေနဲ့သွေး အဲဒါက ဆေး ၊ ရောင်စုံလိုချင်ပြီဆို ဖူဂျီ ရေဆေးတွေဝယ်ပြီး ထိုး ။ ကြောကုန်း အပြည့်မှ လေးထောင်ဘဲပေးရတယ် ။

ဒီလိုနဲ့ အရုပ်စထိုးတာ ဂွတ်တလစ်က အာစရိဆိုတဲ့ တတ်တူးဆရာဆီမှာ ထိုးရင်နာသလား မေးတုန်းရှိသေး ဒူးခေါင်းကို စုတ်နဲ့ဇတ်ဇတ်ဆို ကောက်ထိုးပြီး အဲလောက်ဘဲနာတယ် ပြ ဒူးခေါင်းမှာ အစက်ထင်၊ ရောကာဆို ဖူဂျီရေဆေးနဲ့ မီးငှက်ရုပ်ထိုး ။ မီးငှက်မှန်းသိအောင် caption တောင်ထိုးလိုက်သေး ဖြစ်ချင်တော့ စာလုံးပေါင်းမှား Phonix တဲ့ ။ ၈

စာလုံးပေါင်းမှန်အောင် အာက်ကနေမျှားပြပြီး e တစ်လုံးထပ်ထည့်လို့လည်းမကောင်း ။

ဒါနဲ့ ၁၉၉၅လောက်ရောက်တော့ အဲဒါကို ထပ်ပြင်မယ်ဆိုပြီး ဘူတာရုံလမ်းကတတ်တူးဆရာ ခြေပြတ်ဆီမှာ သွားထိုး ငှက်ကလေးကို ယုတ္တိရှိအောင် အောက်က မီးတောက်ထည့် ငှက်ကင်ပုံဖြစ်ရော ..

ဒီလိုနဲ့တစ်ရက်သူငယ်ချင်းတစ်ယောက် RC2 ထဲမှာ ရန်ဖြစ်ရင်း အချုပ်ကျအချုပ်ထဲကနေ တတ်တူးဆရာ  ကောင်းကောင်းခေါ်လာခဲ့တယ်ဆို စုပြီး တက်တူးထိုးကြတာ။ ရှေ့မှာနတ်သားပုံထိုးနေတဲ့ သူငယ်ချင်း ကိုထိုင်ကြည့် နတ်သားခြေတိုနေတယ်လို့ပြောတော့ တက်တူးဆရာက မပူနဲ့  ပြင် ပေးမယ်ဆိုခြေထောက်ကို ရှည်လိုက်တာ အဲဒီသူငယ်ချင်းကြောမှာ ခြေလေးချောင်းနတ်သားပုံ သေရာပါ ပါရောလား ။

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက် ဘာပုံထိုးမလဲဆို Hero game ထဲက power အမြင့်ဆုံး dragon ပုံထိုးမယ်ဆို ထိုးလိုက်တာ တစ်ခေါက်ဘဲ ထိုးလိုက်ရသေးတယ်။ နောက်တစ်ရက် ထိုးဖို့သွားခေါ်တော့ ကိုယ်တော်က ထောင်ကျသွားတယ် ၊ ကြောမှာက တို့လို့တန်းလန်း မှင်အရောင်မတူမှာစိုးလို့ ဆက်မထိုးဖြစ်တာ အခုထိ

နဂါးပုံမထိုးခင်က အဆစ်ဆို လက်မောင်းမှာ ငှက်ကနုတ်လေးထိုးပေးသွားတယ် ။ ဖြစ်ချင်တော့ အဲဒီငှက်ကနုတ်က ပါရမီ ဦးပိုင်တံဆိပ်နဲ့ တူနေပြန်ရော

ဒါက ကိစ္စမရှိသေးဘူး ။ ၂၀၁၂ မိထ္ထီလာမှာ သတင်းလိုက်တုန်း ငယ်သူငယ်ချင်းတွေနဲ့ အဲဒီကိစ္စပြော သူမှာရှိတဲ့ စက်တွေဆေးတွေနဲ့ ပြင်မယ်ဆို မူးမူးနဲ့ ပြင်ကြတာ ။ ပြင်တဲ့ လူ ရှူးသွားပေါက်တုန်း တစ်ကောင်က မင်း နဂါးက အထီးလားအမလား မသိလို့ဆို ဂွေးစိထည့်ဆွဲပေးသွားတယ် ။

ဂွေးတန်းလန်းနဂါးနဲ့ ကြောကုန်းမှာ သေရာပါရော ။ ၈.........

တိုင်းပြည်ကို ဘယ်လိုသွေးစုပ်ရမလဲဆိုသည့် အကြံပေးချက် (၁၀)ချက်

ယခုသတင်းစာကိုဖတ်နေသူသာ အာဏာရှင်တစ်ဦးဆိုလျှင် ဒီကနေ့ သင်ကံကောင်းသောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံမှာရေးသားပြုစုပြီး နိုင်ငံတကာကိုဖြန့်ချိမည့် ‘အာဏာရှင်လက်စွဲကျမ်း’ ကို သင် အခမဲ့ မြည်းစမ်းခွင့်ရတော့မည်။ အောက်မှာဖော်ပြထားသည့် (၁၀) ချက်သည် မန္တလေးမှာ ထိုးမုန့်မဝယ်မီ အမြည်းပေးသလို စာအုပ်ထဲမှာပါမည့် အကြောင်းအရာများကို အမြည်းပေးခြင်းဖြစ်ပါသည်။

(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်

‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံးကို မကြာခဏပြောပါ။ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်းမကြာခဏပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့်။

ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။

(၂) ပြည်ပရန်သူကိုလက်ညှိုးထိုး

ပြည်ပရန်သူများရှိနေကြောင်း အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့ ကိုယ်ကိုယ် တိုင်မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ် ကိုယ့်ပုံရိပ်ကိုမြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများအကြောင်းကို အဆက်မပြတ်ဖော်ပြပါ။

(၃) လူအများစုဘာသာရေးကို အသုံးချ

အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။ ဘုရားသွားကျောင်းတက်သည့်သတင်းများ များများထုတ်ပါ။ ဘာသာကွယ်ပျောက်တော့မည်ဆိုသည့် အကြောက်တရားကိုဖြန့်ဖြူးပါ။ ကိုယ့်ကိုအန်မတုနိုင်သည့် လူနည်းစုတစ်စုကို လက်ညှိုးထိုးစွပ်စွဲပါ။

(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်

အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့် အဓိကအတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်လိုက်ပါ။ အတိုက်အခံတွေ အာဏာရလာလျှင် တိုင်းပြည်ပြိုကွဲနိုင်ကြောင်း ခြိမ်းခြောက်ပါ။ အတိုက်အခံနိုင်ငံရေးသမားတွေကို မျိုးချစ်စိတ်ဓာတ်မရှိသူအဖြစ် စွပ်စွဲပါ။

(၅)အနောက်နိုင်ငံများကို စည်းရုံး

အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ရှိသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူများ နှင့် လွှတ်ပေးပါ။

ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်ကြောင်း အနောက်နိုင်ငံများက ယုံလာအောင်ပြုလုပ်ပါ။ ကမ္ဘာပတ်ပြီး ရွှန်းရွှန်းဝေအောင်ပြောသူများကို အချိန်တစ်ချိန်မှာ တာဝန်မှနားပါ။ လူသစ်လဲပါ။

(၆) ရွေးကောက်ပွဲကိုအသုံးချ

ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့်အခွင့်ကောင်း ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင် ဖမ်းရခက်ခဲသည့်အဝေးရောက် မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည် အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။

ရှုံးနိုင်သည့်အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့်ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများမွှေးထားပါ။

အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိသည့်အတွက် အဓိက အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်အောင်လုပ်သည့်နည်းဖြစ်သည်။

(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်

သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။ သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။ မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။ ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို လက်မလွှတ်ပါနှင့်။ ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့်ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေဖြစ်သည်။

(၈) ခရိုနီတွေမွေးမြူ

သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါနှင့်။ သင့်ကိုယ်စား စီးပွားရှာပေးဖို့၊ သင့်သားသမီးမြေးမြစ်များ ပြဿနာရှာလျှင် လိုက်ရှင်းလင်းပေးဖို့၊ သင့်ဇနီးကို နိုင်ငံခြားဈေးဝယ်ထွက်ရာမှာ ကူညီဖို့နှင့် သင့်ခိုးရာပါဥစ္စာဓနများကို ပြည်တွင်း ပြည်ပမှာ ဖုံးကွယ်ထားဖို့အတွက် သော့ချက်ဖြစ်သည်။

‘သင့်ကိုခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထံကိုပေးပို့ပါ။

(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိပ်ကွပ်

အင်န်ဂျီအိုများကိုတည်ရှိခွင့်ပေးပါ။ သို့သော် ဥပဒေများထုတ်ပြီး ချုပ်ကိုင်ပါ။ အင်န်ဂျီအိုများ ဖွံ့ဖြိုးလာမှုက ပြည်သူကိုမျက်စိပွင့်စေပြီး သင့်အာဏာရှင်စနစ်ကို ခြိမ်းခြောက်လာလိမ့်မည်။

အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံးဖြစ်သည်။

(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း

ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့်ပါ။ ရုရှားအာဏာရှင်ပူတင်က ဒီမိုကရေစီကို ‘အချုပ်အခြာအာဏာ ရှိသည့် ဒီမိုကရေစီ’ဟု ကိုယ်တိုင်ရေးအနက်အဓိပ္ပာယ်ဖွင့်သည်။ အီရန်အစိုးရကတော့ ဒီမိုကရေစီကို ‘စစ်မှန်သောအစ္စလာမ်ဒီမိုကရေစီ’ဟု ကြွေးကြော်သည်။ သင်လည်း ဒီမိုကရေစီကို နာမဝိသေသနတပ်ပေးပါ။ လူထုအများစုက ဒီမိုကရေစီစနစ်ကို စိတ်ပျက်လာအောင်လုပ်ပါ။ ဒီမိုကရေစီစနစ်မှာ ပဋိပက္ခပိုများတာ၊ လူ့ အဖွဲ့အစည်း ပိုရှုပ်ထွေးလာတာကို မီးမောင်းထိုးပြပါ။

‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင် တရားစီရင်ရေးစနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့် ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင် အနားယူချိန်အတွက် ပြင်ဆင်နည်းများ အထိပါဝင်ပါသည်။ စာအုပ်မထွက်မီ ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှမှာလျှင် အမြန်ချောပို့ဖြင့် ပေးပို့မည်ဖြစ်ပါကြောင်း။ ။

Author: ရဲမိုး
7Day Daily