snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, May 6, 2014

• မိုးခါးရေမသောက်သည့် ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ•


•စည်သူကျော်စွာ•

  ဂျို့စ်မူဂျီကာ။ ဥရုဂွေးနိုင်ငံ၏ လက်ရှိသမ္မတ။ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု ကင်ပွန်းတပ်ခံရသူ။ ခမ်းနားသည့် သမ္မတအိမ်တော်ကြီးရှိသော်လည်း မွန်တီဗီဒီယိုမြို့တော်အပြင်ဘက် ဖုန်ထူသည့်လမ်းမကြီးဘေးက သူ့ဇနီး၏ ယာတောအိမ်လေးတွင် မူဂျီကာနေသည်။ မူဂျီကာ၏လုံခြုံရေးကို ရဲအရာရှိနှစ်ဦးနှင့် မန်နျူလာအမည်ရှိ ခြေထောက်သုံးချောင်းသာ ရှိသော ခွေးတစ်ကောင်က တာဝန်ယူထားသည်။
ရေသုံးတော့လည်းခြံဝင်းထဲရှိ ရေမှော်တွေပေါက်နေသော ရေတွင်းလေးမှဖြစ်သည်။ ဟိုနားဒီနားသွားဖို့ သူ့မှာ ၁၉၈၇ မော်ဒယ်လ် ဗောက်စ်ဝက်ဂွန် ဘီတဲလ်ကားဟောင်းလေးရှိသည်။ ယင်းအချက်များကြောင့်ပင် မူဂျီကာ သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးသမ္မတအဖြစ် သတ်မှတ်ခံရသည်။ အမှန်တော့ မူဂျီကာသည် ဆင်းရဲသူ တစ်ယောက်မဟုတ်။ လူမှုရေးလုပ်ငန်းများသို့ လစဉ်ထောက်ပံ့ကူညီပေးနေသူဖြစ်သည်။ ဥရုဂွေးသမ္မတအဖြစ် သူရရှိသည့်လစာ၏ ၉၀ ရာခိုင်နှုန်း (ဒေါ်လာ ၁၂၀၀၀ ခန့်) ကို လစဉ်လှူဒါန်းနေခြင်းဖြစ်သည်။ ဥရုဂွေး၌ အစိုးရ အရာရှိများ၏ ပိုင်ဆိုင်မှုအစုစုကို မဖြစ်မနေ ကြေညာရသည့် ဥပဒေရှိသည်။ ၂၀၁၀ အတွင်း ပိုင်ဆိုင်မှုကို ကြေညာသည့်အခါတွင် မူဂျီကာ၌ ဒေါ်လာ ၁၈၀၀ သာရှိသည်။ ၂၀၁၃ ၌ ပိုင်ဆိုင်မှုကြေညာသည့်အခါတွင်မူ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် နေအိမ်တစ်လုံး၊ လယ်ထွန်စက် များနှင့် မြေယာများ၏တန်ဖိုးတစ်ဝက်ကို ထည့်ပေါင်း လိုက်၍ မူဂျီကာ၏ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၂၁၅၀၀၀ သို့ တိုးသွားခဲ့သည်။ ယင်းပမာဏသည် ဒုတိယသမ္မတ ဒါနီလိုအက်စ်တိုရီ၏ ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် သုံးပုံနှစ်ပုံသာရှိသည်။ သူ့အရင်သမ္မတ တာဘာရီဘက်စ်ကတ်၏ ပိုင်ဆိုင်မှုနှင့် ယှဉ်လျှင် သုံးပုံတစ်ပုံသာ ရှိသည်။
နောက်ခံသမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင်လည်း မူဂျီကာသည် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၆၀ နှင့် ၇၀ ခုနှစ်များက ဥရုဂွေးတော်လှန်ရေး၌ သြဇာလွှမ်းမိုးခဲ့သည့် တူပါမာရော့စ် ပြောက်ကျားအဖွဲ့တွင် ပါဝင်ခဲ့သည်။ တော်လှန်ရေးကာလ၌ သေနတ်ခြောက်ကြိမ် ထိမှန်ခဲ့သည်။ ထောင် ၁၄ နှစ်ကျခဲ့ပြီး ၁၉၈၅၊ ဥရုဂွေး ဒီမိုကရေစီရချိန်၌ မူဂျီကာ ပြန်လွတ်လာခဲ့သည်။ ထောင်ထဲ၌ ရှိနေသည့်ကာလများတွင် မူဂျီကာသည် သီးခြားထားရှိခံရပြီး အခြေအနေဆိုးဆိုးကြား၌ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ မူဂျီကာကို အာဏာပိုင်များက လေးကြိမ် ဖမ်းဆီးခဲ့၏။ ၁၉၇၁ ခုနှစ်အတွင်း ပွန်တာကာရီတက်စ် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သူ များတွင် မူဂျီကာပါဝင်ခဲ့၏။ ၁၉၇၂ တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၃ ခုနှစ်အတွင်း စစ်တပ်အာဏာ သိမ်းသည့်အခါ စစ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည်။ ထောင်ကျသည့် ၁၄ နှစ်အတွင်း ရေတွင်းထဲ၌ နှစ်နှစ်ကြာ ပိတ်လှောင်ခံရခြင်းမျိုးလည်း ကြုံရသည်ဟူ၏။ ၁၉၈၅ တွင် ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ မူဂျီကာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် ထောင်ကျနေသည့် ကာလများက လောကအမြင်ကို ပြောင်းလဲစေခဲ့သည်ဟု မူဂျီကာပြောလေ့ရှိသည်။
မူဂျီကာ၏ ဇနီးဖြစ်သူ လူစီယာတိုပိုလန်စကီသည်လည်း တစ်ချိန်က သူ့လိုပင် တူပါမာရော့စ်ပြောက်ကျားတပ်ဖွဲ့ ၀င်ဖြစ်ပြီး လက်ရှိ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူတို့နှစ်ဦး နှစ်ရှည်လများ တွဲလာခဲ့ပြီးကာမှ ၂၀၀၅ တွင် လက်ထပ်လိုက်ကြခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်တည်း သားထောက်ကိုယ်ခံမရှိဘဲ ယာတောလေးတွင် အေးအေးလူလူ ဂန္ဓမာပန်းတွေ စိုက်ပျိုးကြသည်။
သူ့ကို ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု သတ်မှတ်ကြခြင်းနှင့်ပတ်သက်၍ မူဂျီကာက ယခုလို မှတ်ချက်ပေးစကား ပြောဖူးသည်။
“ကျွန်တော့်ကို အဆင်းရဲဆုံးသမ္မတလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ဆင်းရဲတယ်လို့ မမြင်မိပေါင်ဗျာ။ အမှန်တော့ တကယ်ဆင်းရဲသူဆိုတာ သုံးနိုင်ဖြုန်းနိုင်တဲ့ဘ၀မှာ နေနိုင်ဖို့ ကြိုးပမ်းရုန်းကန်နေရတဲ့သူတွေ၊ ရှိတာထက် ပိုပြီး လိုချင်နေတဲ့သူတွေပါပဲ”ဟူ၏။
နောက် မူဂျီကာပြောလေ့ရှိသည်က “ဒီလိုနေရတာကိုက လွတ်လပ်ခြင်းတစ်မျိုးပဲဗျ၊ ခင်ဗျားမှာ ပိုင်ဆိုင်မှုတွေ များများစားစားမရှိဘူးဆိုပါတော့။ ခင်ဗျားအနေနဲ့ ဒါတွေကိုရဖို့ တစ်သက်လုံး ရုန်းကန်နေစရာ မလိုဘူးနော်။ ဒီလိုမျိုး လွတ်လွတ်လပ်လပ်နေမှ ခင်ဗျားအတွက် အချိန်တွေ အများကြီးပိုထွက်လာမှာ။ ကျွန်တော့်ကို ထူးခြားတဲ့ အဘိုးကြီးတစ်ယောက်လို့ ထင်ချင်ထင်ကြမယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ပဲလေ..”ဟူ၏။
မူဂျီကာငယ်စဉ်က ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရသည်။ မူဂျီကာ အသက်ငါးနှစ်အရွယ် ၁၉၄၀ ခုနှစ်က ဖခင်ခမျာ မဆုံးခင်လေးတွင် အကြွေးမဆပ်နိုင်၍ ဒေ၀ါလီခံခဲ့ရသည်။ ဖခင်က စပိန် Basque မျိုးရိုးဖြစ်ပြီး မိခင်က အီတာလျံ ရွှေ့ပြောင်းအခြေချသူများမှ ဆင်းသက်လာသူဖြစ်သည်။ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်ကြားတွင် မူဂျီကာ တစ်ယောက် အဖွဲ့အစည်းကလပ်အသီးသီးသို့ လှည့်ပတ်သွားလာနေပြီဖြစ်သည်။ နောက်တော့ အမျိုးသားပါတီတွင် ပါဝင်လှုပ်ရှားခဲ့ပြီး အန်းနရစ်အာရို၏ လူရင်းတစ်ယောက် ဖြစ်လာခဲ့သည်။
ထောင်မှလွတ်လာပြီးနောက်ပိုင်းတွင် မူဂျီကာနှင့် တူပါမာရော့စ်ပြောက်ကျားအဖွဲ့က အခြားသော လက်ဝဲယိမ်းအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Movement of Popular Participation (MPP) ပါတီကို ထူထောင်ခဲ့ပြီး လက်ဝဲယိမ်း နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် Broad Front ညွှန့်ပေါင်းအဖွဲ့၌ ပါဝင်ခဲ့သည်။ ၁၉၉၄ အထွေထွေ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ၁၉၉၉ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်အဖြစ်လည်းကောင်း မူဂျီကာ ရွေးချယ်ခံခဲ့ရသည်။ မူဂျီကာ၏ သြဇာတိက္ကမနှင့်အတူ MPP ပါတီကို လူကြိုက်များလာခဲ့ပြီး ထောက်ခံမဲများလည်း ရလာခဲ့သည်။ ၂၀၀၄ ခုနှစ် အရောက်တွင် Broad Front ညွန့်ပေါင်းအဖွဲ့၌ အင်အားအကြီးဆုံး လက်ဝဲယိမ်းပါတီကြီးဖြစ်လာခဲ့သည်။
၂၀၀၅ ခုနှစ် မတ်လ ၁ ရက်တွင် သမ္မတ Tabre Vazquez က မူဂျီကာကို မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ မူဂျီကာက လူတစ်မျိုးဖြစ်သည်။ စကားပြောလျှင် လှေထိုးကြီး ရိုးရိုး ပြောသူမျိုးဖြစ်သည်။ သူ၏အပြောအဆိုနှင့် ဟန်ပန်အမူအရာများကို ၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် လူကြိုက် များလာခဲ့သည်။ အထူးသဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်နေသည့် သူ၏ ပြောဆိုပြုမူပုံများကို ဆင်းရဲ သားများနှင့် ကျေးလက်နေပြည်သူများက အထူးနှစ်ခြိုက်ကြသည်။ ယင်းကြောင့်ပင် နိုင်ငံရေးသမားများနှင့် ဆန့်ကျင်ဖီလာဖြစ်နေသူဟု တံဆိပ်ကပ်ခံရပြန်သည်။ ထို့ပြင် ဘွင်းဘွင်းရှင်းရှင်းနှင့် မိမိစိတ်ထဲရှိသည့်အတိုင်း မကွယ်မ၀ှက် ပြောချတတ်သဖြင့် ဝေဖန်မှုများလည်း ကြုံခဲ့ရသည်။ ဥပမာ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ဖြစ် အောင် ပါလီမန်က အဆိုပြုတင်သွင်းသည့် ဥပဒေမူကြမ်းကို သမ္မတ ဗားဇ်ကွက်ဇ်က ဗီတိုအာဏာသုံး၍ ပယ်ချ လိုက်သည့်အခါမျိုးတွင် မူဂျီကာက သူသာဆိုလျှင် ဒီလိုဥပဒေမျိုးကို ဗီတိုအာဏာဖြင့် ပယ်ချမည်မဟုတ်ကြောင်း ပြောဆိုခြင်းမျိုးဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးတွင်လည်း ဥရောပသမဂ္ဂနှင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူစာချုပ်များချုပ်ဆိုရန် မျှော် လင့်ထားသူဖြစ်သည်။ ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်လျှင်လည်း ယခင် ဥရုဂွေးအစိုးရ အဆက်ဆက်ထက် မူဂျီကာက ပိုမိုရင်းနှီးချစ်ကြည်စွာ ဆက်ဆံသည်။ ထိုစဉ်က အီရန်သမ္မတမာမွတ်အမာဒီနီဂျက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည့် ဘရာဇီးသမ္မတလူလာဒါဆေးလ်ဗားနှင့်ပတ်သက်၍ သူ၏အမြင်ကို မေးမြန်းကြသည့်အခါမျိုးတွင်လည်း “ဒါဟာ အမျှော်အမြင်ကြီးတဲ့ လုပ်ရပ်မျိုးပဲဗျ။ အီရန်ကို ပိုပြီးတော့ ဖိထား လေလေ ကမ္ဘာကြီးအတွက် ပိုပြီးအန္တရာယ်ရှိလေလေပါပဲ”ဟု ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သူဖြစ်သည်။
၂၀၀၉ သမ္မတရွေးကောက်ပွဲ၌ “ရိုးသားသည့်အစိုးရ၊ ပထမတန်းစားနိုင်ငံ”ဟူသော ကြွေးကြော်သံနှင့်အတူ ပြိုင် ဘက်များကို ဖြတ်ကျော်၍ မူဂျီကာ အနိုင်ရခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း ထိုစဉ်က ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်နှင့် ဘိုလီဗီးယားသမ္မတ အီဗိုမော်ရေးလက်စ်တို့ကဲ့သို့မကျင့်ဘဲ ဗဟိုလက်ဝဲယိမ်း ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားနှင့် ချီလီဆိုရှယ်လစ် မစ်ချယ်ဘက်ချလက်တို့ကဲ့သို့ အုပ်ချုပ်သွားမည်ဟု ကတိပြုခဲ့သူဖြစ်သည်။
နောက်တစ်ချက်က မူဂျီကာ၏ ၀တ်စားဆင်ယင်ပုံဖြစ်သည်။ သာမန်အ၀တ်အစားကိုသာ ၀တ်ဆင်လေ့ရှိပြီး ဒေသတွင်းခေါင်းဆောင်များထံသွားရောက်လည်ပတ်ရာ၌ပင် ရိုးရိုးတန်းတန်း ၀တ်ဆင်သွားသူဖြစ်သည်။ ရွေးကောက်ပွဲတုန်းကလည်း တစ်ချို့သောနေရာများ၌သာ အနောက်တိုင်းဝတ်စုံကို ၀တ်သည်။ သို့သော် နက်ခ်တိုင်မစည်း။
သမ္မတဖြစ်လာချိန်တွင် Broad Front အဖွဲ့ကြီးရှိ ပါတီအသီးသီးမှ နိုင်ငံရေးသမားများဖြင့် ၀န်ကြီးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ မူးယစ်ဆေးဝါးနှင့်ဆက်စပ် ရာဇ၀တ်မှုများနှင့် ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ရန် ဆေးခြောက်များကို အစိုးရ ထိန်းချုပ်မှုအောက်၌ တရားဝင်ရောင်းချစေခဲ့သည်။ ခန့်မှန်းချေအားဖြင့် ဥရုဂွေး တွင် ဆေးခြောက်ရောင်းချရာမှ နှစ်စဉ် ဒေါ်လာ သန်း ၄၀ ရရှိသည်ဟုသိရသည်။ ယင်းအချက်က မူးယစ် ဂိုဏ်း များကို အထိနာစေခဲ့သည်ဟု မူဂျီကာက ဆိုသည်။ ထို့ပြင် ယင်းသို့ တရားဝင်ရောင်းချပေးခြင်းအားဖြင့် တစ်နိုင်ငံလုံးရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စာရင်းကောက်နိုင်မည်ဖြစ်ပြီး အလွန်အကျွံသုံးစွဲသူများကို ဆေးဝါး ကုသပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
၂၀၁၃ စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မူဂျီကာ မိန့်ခွန်းပြောခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုများနှင့်အတူ ကမ္ဘာ့ရေးရာများတွင် စိတ်ရောကိုယ်ပါနှစ်၍ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းချက်များပါဝင်သော လွန်စွာရှည်လျားသည့်မိန့်ခွန်းကြီးကို ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဘရာဇီး၊ တူရကီ၊ အီဂျစ်နှင့် အခြားသောနေရာများ၌ ဖြစ်ပျက်နေသည့် အုံကြွဆန္ဒပြမှုများနှင့် ပတ်သက်၍ “ဒီမယ်ဗျ၊ ကမ္ဘာကြီးဟာ တော်လှန်ရေးလုပ်ဖို့ အမြဲလိုအပ်တယ်နော်၊ တော်လှန်ရေးဆိုတိုင်းလည်း ပစ်ကြခတ်ကြ၊ တိုက်ခိုက်ကြတာမျိုးကို သွားမမြင်နဲ့ဦး၊ ခင်ဗျားရဲ့ အတွေးအခေါ် ပြောင်းလဲသွားပြီဆိုတာနဲ့ တော်လှန်ရေးဖြစ်ပြီပဲ။ ကွန်ဖြူးရှပ်ဝါဒနဲ့ခရစ်ယာန်ဝါဒ နှစ်ခုလုံးဟာလည်း ခေတ်ပြောင်းတော်လှန်ရေးတွေပဲ ပေါ့။”ဟု မူဂျီကာက မှတ်ချက်ပေးခဲ့သည်။
မည်သို့ပင်ဆိုစေ မူဂျီကာကတော့ မိမိ၏လမ်းစဉ်အတိုင်း မမှိတ်မသုန် လျှောက်လှမ်းနေသူဖြစ်သည်။ တစ်ခါတစ်ရံ မိမိနိုင်ငံကို ကမ္ဘာပေါ်တွင် အကောင်းဆုံးနိုင်ငံအဖြစ်ပင် သတ်မှတ်ပြီး ဂုဏ်ယူဝင့်ကြွားနေတတ်သူ။ သူဂုဏ်ယူနေသည့်အချက်တွေက တစ်ခြားမဟုတ်၊ ဒေသတွင်းက အခြားသော လက်တင်အမေရိကနိုင်ငံတွေနှင့်ယှဉ်ယှဉ်၊ အမေရိကတိုက် တစ်တိုက်လုံးနှင့်ပဲယှဉ်ယှဉ် ဥရုဂွေးတွင် ဥရုဂွေး၌ ရာဇ၀တ်မှုဖြစ်ပွားနှုန်းက အနည်းဆုံးဖြစ်နေခြင်းပင်။ ကမ္ဘာပေါ်တွင် မိုးခါးရေမသောက်ဘဲ ကျန်ရှိနေသည့် ကျွန်းလေးတစ်ကျွန်းအဖြစ် သူ့နိုင်ငံကို တင်စားတတ်သည်မှာလည်း လွန်သည်ဟု မဆိုသာ။
သည်လိုမျိုး ရောင့်ရဲတင်းတိမ်တတ်ဖို့ရာမှာ သာမန်လူတစ်ဦးအတွက် လွယ်ကူလှသည်မဟုတ်ပါပေ။ ဘာသာရေး အဆုံးအမကို လိုက်နာပါသည်ဟူသော လူများစွာပင် လိုက်နာခဲကြသည်။ ဘာသာမဲ့ဖြစ်နေသော မူဂျီကာအနေဖြင့် ဒီလိုတရားမျိုးတွေ ရရှိနေခြင်းမှာ ဆန်းသည်ဟု ဆိုရမည်ပင်ဖြစ်သည်။ သူ၏ဆောင်ရွက်ချက် များကလည်း အမှန်ပင် ဆန်းလွန်းနေသည်မဟုတ်ပါလား။ တစ်နည်းပြောရလျှင် သူပြောသည့်အတိုင်း သူက မိုးခါးရေသောက်သူမဟုတ်၍သာ မိုးခါးရေသောက်သူများအတွက် ထူးဆန်းနေသည်လား ဆိုသည်ကိုမူ..။ ။

စည်သူကျော်စွာ

ကိုးကား- Wikipedia, the Guardian, BBC  
 




** ဒီဆောင်းပါးလေးက ရေးထားတာ ကြာပါပြီ၊ metrix font နဲ့ရိုက်ထားတော့ ZawGyi Font နဲ့ ပြန်ပြောင်းရိုက်ဖို့ မအားလို့ ဒီညမှ တင်ဖြစ်သွားတာပါ။

No comments:

Post a Comment